စာပေချစ်သူ

ဆရာနန္ဒာသိန်းဇံ ၏ စာစုများ

15/12/2011 22:32

ကြာ... ( နန္ဒာသိန်းဇံ)

သာယာသောတစ်နေ့ ..

သူက အပယ်ရတနာ လိုဏ်ဂူဘုရား၏ တောင်ဘက်စင်္ကြန်နံရံရှိ ရုပ်ပုံများအကြောင်း၊ ထိုရုပ်ပုံများနှင့်အတူ ရေးခြယ်ထားသော ကြာပန်း၊ ကြာဖူး၊ ကြာရိုး၊ ကြာရွက်များအကြောင်းကို ပြောပြနေသည်။ကျွန်တော်က နားထောင်သည့်အလှည့်ချည်း ယူထားသည်။

သူက စာအုပ်ထူကြီးတစ်အုပ်ကိုဖွင့်၍ ဆံချီထူပါ၏ အရှေ့ ဘက်တုရိုဏ်တိုင်ထိပ်ရှိ ကြာပွင့်တစ်ပွင့်၏ ပုံကိုပြကာ ထိုကြာပွင့်၏နောက်၌ ရှိသော အနက်အဓိပ္ပါယ်များကို ရှည်လျားစွာ ပြောသည်။ ကြာနှင့်ဆက်စပ်နေသည့်
ကနုတ်အကြောင်းကိုလည်း ရှင်းသည်။

ကနုတ်သည် ကုမုဒဟူသော စကားမှ ဆင်းသက်လာခဲ့ဟန်ရှိကြောင်း၊ ကုမုဒမှ ကမုဒ၊ ကမုဒမှ ကနုဒ၊ ကနုဒမှ ကနုတ်ဖြစ်လာရကြောင်း သူကရှင်းပြသည်။ ကနုတ်နှင့်ပတ်သတ်၍ ကူးယူရေးမှတ်ထားသော စာရွက်တစ်ရွက်ကို ဖိုင်ထဲမှထုတ်ယူကာ
ကျွန်တော်ဖတ်လိုက ဖတ်ရန် သူက လှမ်းပေးပါသည်။ ကူးယူထားသော ကနုတ်အကြောင်း ဖွင့်ဆိုချက်က
မျက်စိဖြင့် ကနုတ်မျိုးစုံကို မြင်လာရသကဲ့သို့  နှစ်သက်ဖွယ်ရှိလာသည်။

ကြာခွေ၊ ကြာလိပ်၊ ကြာရိုး၊ ကြာစွယ်၊ ကြာရွက်၊ ကြာပွင့်ချပ်၊ ကြာဝတ်ဆံတို့ ကို ကွေး၍ကော့၍၊ ခွေ၍လိပ်၍၊ ကောက်၍လိမ်၍၊ ယိမ်း၍ယိုင်၍၊ ချီ၍ချ၍၊ တက်၍ဆင်း၍
နှစ်သက်စဖွယ် အဆန်းတကြယ် ပုံဆက်ထုထွင်းခြင်း၊ ပုံသွင်း ရေးခြယ်ခြင်း သဘောကို
ကနုတ်ဟု ကောက်ယူနိုင်သော ဟူ၏။

မြန်မာနိုင်ငံသို့ အိန္ဒိယယဉ်ကျေးမှုအနုပညာတို့ ဝင်ရောက်လာသော အခါ ကြာနှင့်ပတ်သတ်သောရေးခြယ်ထုလုပ်ခြင်းများ ရှိလာခဲ့သည်။ သို့ ရာတွင် မြန်မာတို့ သည် ကြာကို အိန္ဒိယတိုင်းသားတို့ ၏ မူအတိုင်း ရေးခြယ်ထုလုပ်ခြင်းနောက်သို
့ အစဉ်တစိုက် တသဝေမတိမ်း မလိုက်ခဲ့ကြဟု သူကဆိုပါသည်။

မြန်မာတို့ သည် ကြာကို အိန္ဒိယမူနှင့်မတူသော ရေးခြယ်ထုလုပ်မှုများ ပြုလုပ်လာရုံမျှမက ကြာကို အိန္ဒိယတိုင်းသားတို့  ဖွင့်ဆိုသော အနက်အဓိပ္ပါယ်များနှင့်မတူသော အခြားအဓိပ္ပါယ်အသစ်တို့ ကိုလည်း ဖွင့်ဆိုခဲ့ကြသည်။အဓိပ္ပါယ်ဖွင့်ဆိုမှု အသစ်ဖြင့် ကြာကို စေတီတော်တို့ ၏ မြင့်မြတ်သော နေရာများ၌ ကြာမှောက်၊ကြာလှန်များအဖြင့် မြန်မာတို့ က နေရာသစ်များလည်း ပေးခဲ့ကြသည်။ အထက်ပါအချက်တို့ ကိုထောက်၍ မြန်မာတို့ သည် မိမိတို့ ထံ ရောက်လာသော ရေခြားမြေခြားမှ ယဉ်ကျေးမှု အနုပညာတို့ ကို မပြုမပြင် မဆင်ခြင်ပဲ လက်ခံတတ်သော လူမျိုးမဟုတ်ဟု သူကကောက်ချက်ချသည်။
မိမိတို့ ထံ ရောက်လာသော ဘာသာအယူဝါဒ၊ အတွေးအမြင်တို့ ကိုလည်း မြန်မာတို့ က အလွယ်တကူ လက်ခံလေ့မရှိ။
ဝေဖန်စိစစ်၍ လက်ခံသင့်သည်တို့ ကို လက်ခံသည်။ ပစ်ပယ်သင့်သည်ကို ပစ်ပယ်တတ်သော လူမျိုးဖြစ်သည်။
ဗြာဟ္မဏ ဟိန္ဒူ အယူဝါဒများ၊ တန္တရအယူဝါဒများ၊ ထေရ၀ါဒနှင့်မဟာယာန အယူဝါဒများသည် မြန်မာတို
့ထံ ရောက်လာခဲ့ကြသည်။ ထိုသို့ ရောက်လာသော အယူဝါဒ အတွေးအမြင်တို့ အနက်မှ ထေရ၀ါဒကို မြန်မာတို့ ရွေးချယ် လက်ခံခဲ့ကြခြင်းကို ထောက်၍ မြန်မာတို့ သည် အကြောင်းအကျိုးနှင့်စစ်မှန်သောတန်ဘိုးကို ဝေဖန်စိစစ်ခွဲခြား စိတ်ဖြာ ရှုမြင် တတ်သော စရိုက်လက္ခဏာ( သို့ မဟုတ် ) တွေးခေါ်ပုံတွေးခေါ်နည်းရှိသည်မှာ ထင်ရှားသည်။ သူကဆက်၍ ...

“မြန်မာတို့ ၏ ဝေဖန်ဝေဖန်စိစစ်ရှုမြင်တတ်သော စရိုက်လက္ခဏာကြောင့် ထေရ၀ါဒကိုမြန်မာတို့  နှစ်သက် လက်ခံကြခြင်း ဖြစ်မည်။ ထေရ၀ါဒကတဖန်ဝေဖန်စိစစ်တတ်သော တွေးခေါ်ပုံတွေးခေါ်နည်းရှိအောင် မြန်မာတို့ က အထောက်အကူပြုလျက်ရှိပြန်သည်... ဤအချက်သည် အောက်ပါ ထေရ၀ါဒ စာပေမှ ဥပမာတစ်ခုဖြင့် သိသာပါသည်” ဟု ဆိုသည်။
အခါတစ်ပါး၌ လူနှစ်ယောက်လမ်းသွားရင်း လျှော်ပုံနှစ်ပုံကို တွေ့ ကြသည်။နှစ်ဦးစလုံး လျှော်ပုံကို အိမ်သို့ သယ်ယူလာကြသည်။ လမ်း၌ ထိုသူနှစ်ဦးသည် လဲပုံနှစ်ပုံကိုတွေ့ ကြပြန်သည်။ ထိုအခါတစ်ယောက်က လျှော်တို့ ကို စွန့် ပစ်ပြီး လဲကိုသယ်ယူသည်။ အခြားတစ်ယောက်ကမူ “ဤနေရာထိ လျှော်တွေကိုတကူးတကသယ်ယူလာပြီးပြီ.၊ ယခုမှတော့ လဲပြောင်းပြီး မယူတော့…” ဟုဆိုကာ လျှော်ကိုပင်ဆက်လက်သယ်ယူသည်။ မကြာမီ ထိုသူနှစ်ဦးသည် သိုးမွှေးပုံ နှစ်ပုံကိုတွေ့ ကြပြန်သည်။ လျှော်ကိုစွန်
့ပစ်၍ လဲကိုယူခဲ့သူက လဲကိုစွန့် ပစ်ပြီး သိုးမွှေးကို သယ်ယူသည်။ လျှော်ကို မစွန့် နိုင်သူက“ဤနေရာထိ လျှော်ကို တပင်တပန်းယူလာခဲ့ပြီးဖြစ်၍မစွန့် ပစ်တော့ပါ..” ဟုဆိုကာ သိုးမွှေးကိုမယူပဲလျှော်ကိုသာ အိမ်အထိ သယ်ယူသွားလေသည်။

အထက်ပါ ဥပမာကို ပြောပြပြီး နောက်သူကလျှော်များ၊ လဲများကို စွန့် ပစ်ပြီး ယင်းတို့ ထက် ပိုကောင်းသောအရာကို သယ်ယူသူကဲ့သို့  မြန်မာတို့ သည် မိမိတို့ ထံဝင်ရောက်လာသော ဘာသာအယူဝါဒ၊ ယဉ်ကျေးမှုစသည်တိုနှင့် ကြုံတွေ့ သည့်အခါ စွန့် ပစ်သင့်သည်ကို စွန့် ပစ်၍ ယူသင့်သည်ကို ယူခဲ့ကြသည်။လျှော်တို့ ကိုသာ တစ်လျှောက်လုံး သယ်ယူလာသူကဲ့သို့  မြန်မာတို့ ၌ ကပ်ငြိခြင်းမရှိ၊တရားသေတစ်ထစ်ချ ခံယူတတ်ခြင်းမရှိ၊ အဟောင်းကိုတွယ်ဖက်ထားခြင်းမျိုးလည်း မရှိ၊ အစွန်းရောက်သော
လွဲမှားသော အယူဒါဒ သဘောတရားများ၌လည်း မြန်မာတို့ သည် ကပ်ငြိခြင်းမရှိခဲ့ကြ..။ မြန်မာတို့ ရယူထားသော ထေရ၀ါဒကလည်း အစွန်းတရားများကို ကပ်ငြိတတ်သော အမြင်မျိုး မြန်မာတို့ ၌မရှိစေရန်အထောက်အကူပြုခဲ့သည်ဟု မှတ်ချက်ချသည်။ ထို့ နောက်သူကဆိုပါသည်..။

“နုံးညွန်နဲ့  ရေထဲကထွက်လာတဲ့ကြာဟာ နုံးညွန်တွေ ရေနောက်တွေနဲ့  မရောမယှက်ပဲ လေထဲမှာ တလှတပ ပွင့်သလိုပဲ၊ မြန်မာတွေထဲမှာ ပွင့်တဲ့ အတွေးအမြင်ကြာဟာလည်း အလွဲအမှား အယူဝါဒတွေ၊ အစွန်းတရားတွေနဲ့ မထိမငြိ၊ မရောမယှက်ပဲ
တင့်တင့်တယ်တယ် ရှိနေခဲ့တယ်..၊နောင်ကိုလည်း တင့်တင့်တယ်တယ် ပွင့်နေစေချင်တယ်ပေါ့ဗျာ..”

သူက သူ့ စကားကို အဆုံးသတ်သည့်အနေဖြင့် အဝေးဆီသို့ လှမ်းမြော်ကြည့်နေသည်..။

ကျွန်တော်က သူပြောသည့် ကြာပွင့်ဆီသို့ … မျှော်ငေးနေမိပါသည်..။

                                                                                                                        နန္ဒာသိန်းဇံ

အမှန်က မှားနေတယ်.....(နန္ဒာသိန်းဇံ)

အတွေးအခေါ် အယူအဆတစ်ခုဟာ ဘယ်လောက်ပဲရှေ့ နောက် ညီညွှတ်နေပေမယ့် ဟုတ်ပြီမှန်ပြီလို့ မယူဆသင့်သေးကြောင်းကို တွေးခေါ်ပညာရှင်တွေက အထောက်အထားတွေ ၊ဘ၀ဖြစ်ရပ်တွေနဲ့ ဆက်စပ်ဖော်ပြတက်ကြပါတယ်။ ပြီးတော့…
အစွဲဥပါဒါန်တွေနဲ့  တွေးခေါ်ကြံဆထားတဲ့ အယူအဆတစ်ရပ်ဟာ တမင်ဆင်ပြီးလုပ်ကြံထားတဲ့ ဇာတ်လမ်းတစ်ခုလို
ဖြစ်နိုင်တယ်။ ကိုယ့်ဆင်ခြေတွေ ကိုယ်ပေးပြီး ကိုယ်လိုတဲ့နိဂုံးကို ရောက်နိုင်တဲ့ ရှေ့နောက်ကိုက်ညီ
ဆီလျော်မှုတွေကို ရှာတတ်တယ်လို့ လည်း ဆိုကြပါတယ်။ သည်သဘောမျိုးကို အောက်ပါဖြစ်ရပ်က ဖော်ညွှန်းနေပါတယ်။

ပါမောက္ခကြီးတစ်ဦးဟာ လူ့အသိဥာဏ်နဲ့ သက်ဆိုင်တဲ့ အလွန်လေးနက်တဲ့ ကျမ်းကြီးတစ်ကြမ်းကို ပြုစုနေပါတယ်။ သူ့ကိုလေးစားမြတ်နိုး အထင်ကြီးတဲ့ ဇနီးက သူ့လက်ရေးမူကြမ်းတွေကို အချောကူးပေးပါတယ်။

ပါမောက္ခကြီးရဲ့  ဇနီးဟာ နေ့ မအား ညမအား စာမူတွေကိုအချောကူးပေးနေရတော့ အိမ်ထောင်ထိန်းသိမ်းမှုတွေ လစ်ဟစ်နေပါတယ်။ တစ်အိမ်လုံး အမှိုက်သရိုက်တွေကလည်း ရှုပ်ပွပြီး ကြွက်တွေကလည်း သောင်းကြမ်းနေပါတယ်။

တစ်ခုသောနေ့ လည်ခင်းမှာ စာကူးပေးနေရင်းက ကျောညောင်းတာနဲ့ ပါမောက္ခကြီးရဲ့  ဇနီးဟာ ကြမ်းပေါ်မှာ ပက်လက်လှန်ပြီး ခေတ္တအနားယူတယ်။ ပင်ပန်းလွန်းနေတဲ့အတွက် ချက်ချင်းပဲ အိပ်ပျော်သွားရှာပါတယ်။ သူမဟာ ပါးစပ်ဟပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေစဉ်မှာပဲ
ကြောင်တစ်ကောင်ရဲ့ အလိုက်ကို ခံရတဲ့ ကြွက်ငယ်တစ်ကောင်ဟာ အသက်လုပြီး ပြေးလာရင်းက ဟလျက်သားရှိနေတဲ့
သူမရဲ့ပါးစပ်ထဲကို တဟုန်ထိုးပြေးဝင်သွားတယ်။နောက်က အားကုန်သွန်ပြီး လိုက်လာတဲ့ကြောင်ကလည်း
ကြွက်နောက်ကပြေးဝင်လိုက်သွားတယ်။

သည်အဖြစ်အပျက်ကို မြင်လိုက်ရတဲ့ ပါမောက္ခကြီးဟာ ရုတ်တရက် ဘာလုပ်ရမှန်းမသိဖြစ်နေပါတယ်။ ရှိသမျှဥာဏ်တွေ လက်ကုန်ဆန့် ကြည့်ပေမယ့် ဘာလုပ်ရမှန်းမသိတဲ့အတွက် လမ်းထိပ်က ဆရာဝန်ဆီပြေးပါတယ်။ ဆရာဝန်ဆီရောက်တဲ့အခါ သူ့ ဇနီးရဲ့ ပါးစပ်ထဲ ကြွက်ရောကြောင်ပါ
ဝင်နေတဲ့အကြောင်း ပြောပြပြီး ကြွက်နဲ့ ကြောင်းကိုထုတ်ယူဖို့  လိုက်ခဲ့ပါရန်ခေါ်ပါတယ်။
ဆရာဝန်က အရေးကြီးလှတဲ့ လူနာကို စမ်းသပ်နေဆဲဖြစ်လို့  ပါမောက္ခကြီးကို ..

“အိမ်ကိုမြန်မြန် ပြန်နှင့်ပါ..၊လမ်းထိပ်မှာ ဒိန်ခဲတစ်ခု ၀ယ်သွားပါ..၊ အိမ်ကိုရောက်ရင် ခင်ဗျားဇနီးရဲ့  ပါးစပ်ရှေ့မှာ..ဒိန်ခဲကို ကြိုးနဲ့ ချည်ဆွဲပြီးပြထား..၊ ဒါဆို ကြွက်ဟာ ဒိန်ခဲနံ့ရပြီး
ပြန်ထွက်လာလိမ့်မယ်..၊ ကျုပ် ခဏနေကြာရင် လိုက်ခဲ့မယ်….” လို့ မှာကြားလိုက်ပါတယ်။ ပါမောက္ခကြီးဟာ
အလျင်အမြန် ပြန်ထွက်သွားပါတယ်။

များမကြာခင်မှာပဲ ဆရာဝန်ဟာလိုက်လာပါတယ်။ ဟိုရောက်တော့ သူညွှန်ကြားလိုက်တာနဲ့ ပါမောက္ခကြီးလုပ်နေတာတွေက တစ်ခြားစီဖြစ်နေတာကို တွေ့ ရပါတယ်။ ဘယ်လိုလည်းဆိုတော့ ပါမောက္ခကြီးဟာ ဒိန်ခဲကို ဘေးမှာချပြီး ငါးကြော်တစ်ကောင်ကို
ကြိုးချည်ပြီး သူ့ ဇနီးရဲ့ ပါးစပ်ရှေ့ မှာ ပြနေတာကို တွေ့ ရလို့ ပါပဲ။ ဆရာဝန်က “..ဘာ့ကြောင့်
ဒိန်ခဲမပြတာလည်း..”မေးတော့ ပါမောက္ခကြီးက..

“ရှေ့ က၀င်သွားတာက ကြွက်..၊နောက်ကလိုက်ဝင်သွားတာက ကြောင်..၊ကြွက်ပေါ်မှာ ကြောင်ရှိနေတယ်..၊ကြောင်ထွက်ပြီးမှသာ ကြွက်ကထွက်လာနိုင်မှာ..ဒီတော့ ကြောင်ထွက်လာနိုင်အောင် အရင်လုပ်ရဦးမယ်လို့  တွေးမိလို
့.. ခုလိုငါးကြော်ကို ပြနေတာပါ..” လို့  ရှင်းပြတယ် ။

ဆရာဝန်က.. “ပါမောက္ခကြီးရဲ့ တွေးခေါ်ပုံဟာ ရှေ့နောက်ဆီလျော်ညီညွှတ်ပြီး သဘာဝကျပါပေတယ်..” လို့ ပြောရင်း ရပ်ကြည့်နေပါတယ်။

မကြာခင်မှာပဲ ကြောင်ဟာ ငါးကြော်နံ့ရပြီး ထွက်လာပါတယ်။တစ်ချိန်တည်းမှာပဲ ဆွဲပြထားတဲ့ ငါးကြောင်ကို ဖျတ်ခနဲ ဖမ်းယူကိုက်ချီပြီး ပြေးထွက်သွားပါတယ်။

ပါမောက္ခကြီးဟာ ဒိန်ခဲကိုကြိုးနဲ့ချည်ပြီး ဇနီးရဲ့ပါးစပ်ရှေ့မှာ ပြပြန်တယ်။မကြာခင် ဒိန်ခဲနံ့ရတဲ့ကြွက်ငယ်ဟာ ထွက်လာပါတယ်။ ဒါပေမယ့် ကြောင်ရဲ့ အဖိကိုခံထားရတဲ့အတွက် ကြွက်ငယ်ဟာ အပြင်ကိုရောက်တဲ့အခါမှာ အတော်ကိုနာကျင်
ပင်ပန်းနေပါတယ်။ ဒိန်ခဲကိုတောင် မစားနိုင်ပဲ ငြိမ်ကုပ်နေပါတယ်။မကြာခင်မှာပဲ ပါမောက္ခကြီးရဲ့
ဇနီးက အိပ်ပျော်နေရာက လန့်နိုးလာပါတယ်၊ ဇနီးဖြစ်သူဟာ ပါမောက္ခကြီး၊ ကြိုးတန်းလန်းနဲ့
ဒိန်ခဲ၊ ရပ်ကြည့်နေတဲ့ဆရာဝန်တို့ ကို ကြည့်ရင်း ဘာတွေဖြစ်နေလည်းဆိုတာ နားမလည်နိုင်ပဲရှိနေပါတယ်။
အဲဒီ့အခိုက်မှာပဲ ကြွက်အဘိုးအိုတစ်ဦးရောက်လာပြီး နာကျင်ချိနဲ့ နေတဲ့ ကြွက်ငယ်ကို ဖေးမတွဲယူ
ခေါ်ဆောာင်သွားပါတယ်။

ကြွက်အဘိုးအိုရဲ့ အိမ်ကိုရောက်လို့  ထိုင်မိကြတဲ့အခါမှာ ကြွက်ငယ်က..

“..ကံကောင်းလို့  ကျွန်တော်မသေတာ အဘရာ.. ကြောင်ကြီးက ကျွန်တော့်နောက်မှာ ဘယ်အချိန်ရောက်လာမှန်းမသိလိုက်ဘူး.. ကျွန်တော့်အပေါင်းအသင်း ရောင်းရင်းတွေ အကြံပေးသလို ကြောင်ကိုချူဆွဲထားရင် သိပ်ကောင်းမှာပဲ..၊
အဲဒါမှ သည်ကောင်လာရင် လာမှန်းသိပြီး ပြေးချိန်ရမှာဗျ…”

“ဘာလဲ..လာပြန်ပြီလား ကြောင်ကို ကိစ္စ၊ ဟိုနေ့ က ကြွက်တွေ အန္တရာယ်ကင်းရေးအတွက် ကြောင်ကိုချူဆွဲပေးထားရမယ်.. ၊ချူဆွဲရေး အယူအဆသည်သာ မှန်ကန်သောအယူအဆ ဖြစ်တယ်လို့  အများကသဘောတူဆုံးဖြတ်ကြတယ်.. ငါက သူတို့ ကို..မင်းတို့
အယူအဆကကောင်းတော့ ကောင်းပါတယ်..ဒါပေမယ့် ကြောင်ကို ဘယ်သူ ချူဆွဲမှာလဲ..၊ ဘယ်သူက သွားဆွဲမှာလဲလို
့မေးတော့..ချူဆွဲမယ့်ကောင် တစ်ကောင်မှ ထွက်မလာဘူး.. ဒီမယ် ငါပြောမယ်.. တစ်နဲ့တစ် ပေါင်းရင်
နှစ်ရတာ ဟုတ်ပေမယ့် ရေတစ်စက်နဲ့တစ်စက် ပေါင်းတဲ့အခါမှာတော့..နှစ်စက်မရဘူး..။ အယူအဆတစ်ခုဟာ
ရှေ့နောက်ဆီလျော်ညီညွှတ်နေပေမယ့် လက်တွေ့မှာ မမှန်နိုင်တာ၊ မဖြစ်နိုင်တာမျိုး ရှိတတ်တယ်ကွယ့်..၊
ကဲ..ကဲ.. စားစရာရှိတာစားပြီး မင်းအနားယူချေဦး…” ။

 

အချိန်မီ မီးငြိမ်းသတ်နိုင်ခြင်း ( နန္ဒာသိန်းဇံ )

ထိုနေ့က အချိန်မီ မီးငြိမ်းသတ်လိုက်နိုင်သည်ဟု သူက ဆိုပါသည်။

            “အချိန်မီ မီးငြိမ်းသတ်လိုက်နိုင်သည်ဆိုတော့ သူ့အတွက် ဆုံးရှုံးပျက်စီးမှု မရှိဘူးပေါ့” ဟူသော အတွေးဖြင့် ကျွန်တော်က ၀မ်းသာနေပါသည်။

 

            သူက ကျွန်တော့်ကို တော်လ်စတွိုင်း၏ ပုံပြင်တစ်ခုထဲမှ အဖြစ်အပျက်တစ်ခုကို ပြောပါသည်။  သူ့စကားက ပထမပြောလက်စ စကားနှင့် ဘာဆိုင်လို့လဲဟု ကျွန်တော်က တွေးရင်း နားထောင်နေရသည်။

 

            တောအုပ်အတွင်း၌ ကွက်လပ်တစ်ခုရှိသည်။ ထိုကွက်လပ်၏ အလယ်၌ ထင်းရှူးပင်တစ်ပင်ရှိသည်။ ထိုထင်းရှူးပင်၏ အကိုင်းတစ်ခု၌ ကြိုးတစ်ချောင်း ချည်ထားသည်။ ထိုကြိုး၏အဖျားတွင် လေးလံသော သစ်တုံးတစ်တုံးကို ချည်ထားသည်။ သစ်တုံး၏ အောက်တည့်တည့်၌ ပျားရည်များ ထည့်ထားသော သစ်သားပုံးရှိသည်။

            ထိုကွက်လပ်ဆီသို့ ၀က်ဝံများ လာနေကြသည်။ ၀က်ဝံမကြီးက ရှေ့ဆုံးမှ လျှောက်လာ၍ ယင်းနောက်မှ အခါလည်သား ၀က်ဝံကလေးတစ်ကောင်နှင့်  မွေးကာစ ၀က်ဝံကလေးသုံးကောင် လိုက်ပါလာသည်။ ၀က်ဝံမကြီးသည် ဦးခေါင်းကို မော့်ကာ တရှူးရှူး အနံ့ခံပြီး နောက်က ၀က်ဝံကလေးများကို ရှေ့ဆောင်ကာ ပျားရည်ပုံးကြီးရှိရာသို့ ရှေးရှု သွားသည်။ ရှေးဦးစွာ ပျားရည်ပုံးထဲသို့ သူ၏နှာခေါင်းကို ထည့်လိုက်ပြီးနောက် ၀က်ဝံကလေးများကို လာခဲ့ရန် အသံပြုသည်။ ၀က်ဝံကလေးများက ပြေးသွား၍ ပျားရည်ကို သောက်ကြသည်။ ထိုသို့ သောက်ကြသောအခါ အပေါ်မှ တွဲလောင်းချည်ထားသော သစ်တုံးကြီးက ယိမ်း၍ သွားသည်။ ယိမ်းရာမှ ပြန်လာပြီး ၀က်ဝံကလေးများကို သစ်တုံးကြီးက တိုက်သည်။

    ထိုသို့တိုက်သည်ကို မြင်သောအခါ ၀က်ဝံမကြီးက သစ်တုံးကို လက်ဖြင့် တွန်းဖယ်လိုက်သည်။ ထိုအခါ သစ်တုံးသည် ပို၍ ဝေးရာသို့ ယိမ်းသွားပြီးနောက် ပြန်လာသောအခါ ၀က်ဝံကလေး နှစ်ကောင်၏ ကျောကုန်းကို ရိုက်ခတ် မိသည်။ ၀က်ဝံကလေးများ အော်ဟစ်ကာ နံဘေးသို့ တိမ်းဖယ်လိုက်သည်။ ထိုအခါ ၀က်ဝံမကြီးမှာ ဒေါသဖြစ်လာပြီဖြစ်၍ သစ်တုံးကို လက်နှစ်ဖက်စလုံးဖြင့် ဦးခေါင်းပေါ်သို့ ကျော်သည် အထိ မြှောက်လွှဲ၍ တွန်းပစ်လိုက်သည်။ ထိုအခိုက် အခါလည်သား ၀က်ဝံကလေးသည် ပျားရည်ပုံးကြီးရှိရာသို့ ခုန်ပေါက် လာပြီးလျှင် ပျားရည်အိုးထဲသို့ နှာခေါင်းကိုနှစ်ကာ ပျားရည်ကို လောဘတကြီး စုပ်ယူလျက်ရှိသည်။ မွေးခါစ ၀က်ဝံ ကလေးများ ကလည်း ပျားရည်ပုံးရှိရာသို့ လာလျက်ရှိသည်။ ပုံးနားသို့ သူတို့မရောက်မီ သစ်တုံးသည် အရှိန်ဖြင့်ပြန်၍လာပြီးနောက် အခါလည်သား ၀က်ဝံ ကလေး၏ ဦးခေါင်းကို ရိုက်ခတ်လိုက်၍ ၀က်ဝံကလေးမှာ ပွဲချင်းပြီး သေဆုံးသွားလေသည်။

            ထိုအခါ ၀က်ဝံမကြီးသည် ကြောက်မက်ဖွယ် အော်ဟစ်ကာ သစ်တုံးကို အင်အားရှိသမျှ တစ်အားလွှဲ၍ ပစ်လိုက်လေသည်။ သစ်တုံးသည် ချည်ထားရာ သစ်ကိုင်းထက်ပင် မြင့်တက်သွားသည်။  ၀က်ဝံမကြီးက ၀က်ဝံကလေးများ နှင့်အတူ ပျားရည်ပုံးအနား ချည်းကပ်သည်။ သစ်တုံးသည် အပေါ်သို့ အတက် ရပ်သွားပြီးနောက် လျင်မြန်သောအရှိန်ဖြင့် ကျလာသည်။ သစ်တုံးသည် ၀က်ဝံမကြီးကို ပြင်းထန်စွာ ရိုက်လိုက်သောကြောင့် ၀က်ဝံမကြီးသည် ပက်လက်လန်ကျ သွားပြီနောက် အသက်ကုန်သွားသည်။ ၀က်ဝံကလေးများက ထွက်ပြေးသွားကြလေသည်။

 

            အထက်ပါ အကြောင်းအရာကို ပြောပြီးနောက် သူက ဆက်၍…

            “၀က်ဝံမကြီးက အခြေအနေတွေကို မသိဘူး၊ သစ်တုံးကြီးကို ပျားရည်ပုံးပေါ်တည့်တည့် ဘာပြုလို့ တွဲလောင်း ဆွဲပြီး ချည်ထားတယ်ဆိုတာ မသိဘူး၊ ပျားရည် သောက်ချင်တာလောက်ပဲသိတာ၊ ဒီတော့ သူသောက်ချင်တာကို အဟန့်အတားပြုတဲ့ သစ်တုံးကို ဒေါသဖြစ်တယ်၊ အကြီးအကျယ် ဒေါသဖြစ်တယ်၊    သူ့သားလေးကို သေလောက်အောင် သစ်တုံးကြီးက တိုက်ပစ်လိုက်တော့ ကြောက်မက်ဖွယ် ကောင်းလောက်အောင်ကို ဒေါသတွေ အရှိန်အဟုန် ကြီးမားသွားတယ်၊  ၀က်ဝံမကြီးမှာ ဒေါသမီးကြီး လောင်မြိုက်နေလိုက်တာဗျာ…”

            “ကျွန်တော်လဲ ဒီလိုပါပဲ၊ မထူးပါဘူး။ အခြေအနေတွေကို မသိဘူး။ ကျွန်တော်ဒုက္ခရောက်အောင် သူဖန်တီး ထားတာကို မသိခဲ့ဘူး၊ ကျွန်တော့်မှာ ခံလိုက်ရတာ ဘာပြောကောင်းမလဲ၊ ရှိသမျှ သိက္ခာတွေလဲကျ၊ နာမည်တွေ ပျက်နဲ့၊ အဲဒီညက ဒေါသတွေ ခြောင်းခြောင်းထွက်နေတာ၊ ကျွန်တော့်ကို ဒေါသတွေ လောင်မြိုက်နေတာပေါ့ဗျာ၊ သူ့ကို လက်တုံ့ပြန်ဖို့ အစီအစဉ်တွေ လုပ်တယ်…”

            “နောက်တစ်နေ့ မိုးလင်းတာနဲ့ တစ်ပြိုက်နက် သူ့ရဲ့ ကောက်ကျစ်ပုံ၊ ကောက်ကျစ်နည်းထက် အဆပေါင်းများစွာ သာတဲ့ ကျွန်တော့်ရဲ့ ပရိယာယ်ထောင်ချောက်ထဲမှာ မရှုမလှ သူကျတော့မှာကို မြင်ယောင်နေတယ်၊ လူပဲဗျာ… ကောက်ကျစ်ညစ်ပတ်တဲ့နည်းကို ရှာလိုက်ရင် တွေ့တာပါပဲ၊ အသေအချာရှာလေ ပိုပိုပြီးကောင်းတဲ့နည်းကို တွေ့လေပဲ”

“သူ့မျက်နှာကို မြင်ယောင်တိုင်း ကျွန်တော့်ဒေါသတွေက အရှိန်မြင့်မြင့်လာလေပဲ၊ တရားဥပဒေကို လက်တစ်လုံးခြား လိမ်ညာတတ်တဲ့ သူ့လိုလူမျိုး၊ အမှန်တရားနဲ့ တရားဥပဒေကို ကျွန်တော့်ဖက်မှာ မရှိအောင် ဖန်တီးနိုင်တဲ့ သူ့လိုလူမျိုးကို ရှင်းပစ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ တစ်ညလုံး ဒေါသတွေ လောင်မြိုက်နေတော့ အိပ်လို့ကို မပျော်ဘူး၊ အိပ်လည်း မအိပ်တော့ပါဘူးဗျာ၊ ကျွန်တော်သတ်မှတ်ထားတဲ့ အချိန်ကို ရောက်အောင် စောင့်နေတယ်… ”

“စိတ်က မငြိမ်တော့ စာအုပ်စင်က စာအုပ်တွေကို ဟိုလှန်ဒီလှော လုပ်နေမိတယ်၊ စားပွဲပေါ်မှာ ပုံထားတဲ့စာအုပ် တွေထဲက ဟိုစာအုပ်ဆွဲယူ၊ ဒီစာအုပ်ဆွဲယူ လုပ်တယ်၊ ဟိုစာမျက်နှာ၊ ဒီစာမျက်နှာ ကြုံရာကို ဖတ်တယ်၊ အဲဒီလိုဖတ်ရင်း ကျွန်တော် ခင်ဗျားကို ပြောပြခဲ့တဲ့ တော်လ်စတွိုင်းရဲ့ ၀က်ဝံမကြီးအဖြစ်အပျက်ကို ဖတ်မိတာ…”

“အဲဒီလို ဟိုစာအုပ်ကိုင်၊ သည်စာအုပ်ကို ဆွဲယူလုပ်ရင်းက ကျွန်တော့်အဖေရဲ့ မှတ်စုစာအုပ်ကို သွားတွေ့တယ်၊ မကြာခင်ကမှ အဖေ့ဆီ အလည်သွားရင်း အဖေ့လက်ရေးနဲ့ ရေးထားတဲ့စာအုပ်ကို အမှတ်တရ သိမ်းထားချင်ပါတယ်ဆိုပြီး တောင်းယူခဲ့တဲ့စာအုပ်ဗျ၊ အဲဒီ အဖေ့စာအုပ်ကို ဖွင့်ပြီး ဟိုလှန်သည်လှန်လုပ်ရင်း တစ်နေရာမှာ ပုံတစ်ပုံကို တွေ့တယ်၊ ကြည့်လိုက်တော့ မီးပွတ်ခုံပုံကို အဖေက ရေးဆွဲထားတာဗျ၊ မီးပွတ်ခုံသုံးတာကို ကျွန်တော်တို့ မမီလိုက်ပါဘူး၊ ရှေးခေတ်က အခုခေတ်မှာလို မီးကို အလွယ်တကူ မရနိုင်ဘူး၊ မီးပွတ်ခုံမှာ မီးပွတ်ယူကြရတယ်၊ အဖေက ရှေးခေတ်သုံး အဲဒီမီးပွတ်ခုံကို ရေးဆွဲထားတာဗျ…”

“အဲဒီမီးပွတ်ခုံ အောက်ဘက်မှာ အဖေက စာတစ်ပိုဒ် ရေးကူးထားတယ်…”

“မီးပွတ်ခုံကို မီးပွတ်သည်ရှိသော် မီးသည်ဖြစ်လာ၏။ ထိုမီးသည် ဖြစ်လာရာ ပွတ်ခုံကိုပင် လောင်ကျွမ်း၏။ ထို့အတူ ပညာမရှိ မိုက်မဲလျက် အကျိုးစီးပွားကို မသိသောသူအား နင်လား ငါလား ချုပ်ချယ်သော အမျက်ဒေါသသည် ထွက်လာခဲ့၏။ ထိုအမျက်ဒေါသသည် အမျက်ဒေါသထွက်လာသူကိုပင် (ဦးစွာ) လောင်ကျွမ်း၏။” 

                                                                                                       (စူဠဗောဓိဇာတ်)တဲ့ဗျာ။

“အဲဒီစာပိုဒ်ကို ဖတ်ရင်း ကျွန်တော့်နားထဲမှာ ပညာမရှိ၊ မိုက်မဲလျက် အကျိုးစီးပွားကို မသိသောသူဆိုတဲ့ စာကြောင်းက အသံတွေထွက်ပြီး ပဲ့တင်ထပ်နေသလိုပဲ။ ကျွန်တော့်အိမ်အပေါ်ထပ်ကို တက်တော့လဲ အဲဒီပညာမရှိ မိုက်မဲလျက် အကျိုးစီးပွားကို မသိသောသူ ဆိုတဲ့ အသံက လိုက်ပါလာသလိုပဲ။ အောက်ထပ်ဆင်းတော့လဲ အဲဒီအသံက ကျွန်တော်နဲ့အတူ ဆင်းလိုက်လာသလိုပဲ၊ သစ်တုံးကြီးကို မိုက်မိုက်မဲမဲနဲ့ တစ်အားကုန် တွန်းဖယ်ပစ်လိုက်တဲ့ ၀က်ဝံကြီး။ ပြီးတော့ သူ့ဆီကို အရှိန်ပြင်းစွာနဲ့ လွှဲပြီး ပြန်လာနေတဲ့ သစ်တုံးကြီးကိုလည်း မြင်ယောင်နေတယ်ဗျာ…”

“ကျွန်တော်က အိပ်ရာပေါ်မှာ လဲချလိုက်ပြီးတော့ အဖေရေးဆွဲထားတဲ့ မီးပွတ်ခုံကလေးကို ကြည့်မိတယ်၊ မီးမတောက်သေးတဲ့ မီးပွတ်ခုံကလေး၊ မီးသေနေတဲ့ ခုံကလေး၊ သစ်တုံးတစ်တုံးပေါ်မှာ တင်ထားတဲ့ မီးပွတ်ခုံ ကလေးပါဗျာ…”

 

“ကျွန်တော် ဖျတ်ကနဲ နိုးလာတယ်၊ ကျွန်တော့်ရင်ဘတ်ပေါ်မှာ အဖေ့စာအုပ်ကလေးကို ပိုက်မိလျက်သားပါပဲ၊ တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်တော့ မနက် (၄)နာရီ ထိုးခါနီးပြီ။”

(၄)နာရီတိတိမှာ ကျွန်တော့်တပည့်ထံကို ဖုန်းဆက်ပါတယ်။ သူက အသင့်စောင့်နေတာဆိုတော့ ချက်ချင်းပဲ ဖုန်းကိုင်တယ်။ ကျွန်တော်က သူ့ကို လုပ်ရမယ့် အစီအစဉ်တွေကို ဖျက်လိုက်ကြောင်း၊ ပဲခူးက အဖေ့ဆီကို ကန်တော့ရန် သွားမှာမို့လို့ ကားကို ဆီထပ်ဖြည့်ပြီး (၇)နာရီအရောက် အိမ်ကိုလာဖို့သာလိုကြောင်း ပြောလိုက်ပါတယ်။

ကျွန်တော်ဗျာ…သံသရာရှည်သည့်အထိ လိုက်ပြီး ပူလောင်စေမယ့် ဒေါသမီးကို အချိန်မီ ငြိမ်းသတ်လိုက်နိုင် ပါတယ်။ အဖေနဲ့ ဆရာကြီးလီယိုတော်လ်စတွိုင်းတို့က ကျွန်တော့်ကို ကူပြီး ငြိမ်းသတ်ပေးခဲ့ကြတာပေါ့။ ကျွန်တော့် ကျေးဇူးရှင်တွေပေါ့ဗျာ။

 

            အချိန်မီ မီးငြိမ်းသတ်လိုက်နိုင်ခြင်း အကြောင်းကို သူ ပြောဆို ပြီးဆုံးသွားသောအခါ သူ့အတွက် ဆတက်ထမ်းပိုး ၀မ်းသာမိသော ကျွန်တော်က “သာဓု" သုံးကြိမ်ခေါ်လိုက်မိပါသည်။

နန္ဒာသိန်းဇံ..။

© 2011 All rights reserved.

Make a free websiteWebnode