စာပေချစ်သူ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ အတ္ထုပ္ပတ္တိအကျဉ်းချုပ်…

05/10/2011 21:48

   

ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် နယ်ချဲ့အင်္ဂလိပ်ပိုင် အောက်မြန်မာနိုင်ငံ၊ ပြည်ခရိုင်၊ ရွှေတောင်နယ်၊

ဝါးလည်ရွာဇာတိဖြစ်သည်။ အဖမှာ ဦးစံဒွန်းဖြစ်၍ အမိမှာ ဒေါ်အုန်းဖြစ်သည်။ ရွှေတောင်ကျီးသဲလေးထပ် ဆရာတော်သည်

ဆရာကြီး၏ ပထမကန့်ကူလက်လှည့်ဆရာဖြစ်သည်။

…ဆရာကြီးသည် ကိုးနှစ်သားအရွယ်တွင် လွတ်လပ်လျက်ရှိနေသေးသော ကိုယ့်မင်းကိုယ့်ချင်း အထက်မြန်မာနိုင်ငံ သီပေါမင်းလက်ထက် နေပြည်တော် မန္တလေးသို့တက်၍ မြတောင်ကျောင်းတိုက်တွင် စာသင်သည်။ ၁၂၄၇ ခုနှစ်(၁၈၈၅) ဆရာကြီး ဆယ်နှစ်သားအရွယ်တွင် အထက်မြန်မာနိုင်ငံကို နယ်ချဲ့ အင်္ဂလိပ်က သိမ်းပိုက်သဖြင့် သီပေါမင်းပါတော်မူသောအခါ ဆရာကြီးသည် ကျောင်းတိုက်ပေါ်မှမျှော်၍ ၀မ်းနည်းကြေကွဲခြင်းဖြစ်ခဲ့ရသည်။ ဆရာကြီး၏ ဇာတိမာန်၊ နိုင်ငံချစ်စိတ်ဓာတ်သည် ထိုခေတ် ထိုအခါမှစ၍ ဆရာကြီး၏ စိတ်၌ မျိုးစေ့ဖြစ်ခဲ့ပြီဟု ဆိုနိုင်လေသည်။ ထိုနောက်အလုံနယ် ကျေးတော၌လည်းကောင်း၊ မန္တလေး၌လည်းကောင်း၊ ရွှေတောင်၌လည်းကောင်း အဆင်သင့်ရာ တစ်လှည့်စီနေ၍ အသက် ၁၉ နှစ်သားအထိ ဗုဒ္ဓဘာသာစာပေနှင့် ပျို့၊ ကဗျာ၊ လင်္ကာ၊ ဧချင်းစသည်တို့ကို သင်ကြားခဲ့သည်။



***နိုင်ငံချစ်စိတ်ဓာတ် …

...ဆရာကြီး အသက် ၁၉ နှစ်သားအရွယ်၌ အဖ ဦးစံဒွန်း အနိစ္စရောက်သဖြင့် စာသင်ဖြတ်၍ လူ့လောကသို့ ၀င်ရရှာသည်။ ၁၂၆၆ ခုနှစ် (၁၉၀၄)တွင် ဆရာကြီးသည် သက်မွေးမှုအတွက် ရန်ကုန်မြို့သို့ ဆင်းခဲ့သည်။ ဇမ္ဗူ့ကျက်သရေပုံနှိပ်တိုက်သို့ စာပြင်ဆရာအဖြစ် အလုပ်လုပ်ကိုင်သည်။ ကြည့်မြင်တိုင်သူ ဒေါ်ရှင်နှင့်လည်း အကြောင်းပါခဲ့သည်။ ထို့နောက် ၁၂၇၃ ခုနှစ် (၁၉၁၁)တွင် သူရိယသတင်းစာတိုက်၌ အယ်ဒီတာအဖြစ် ဆောင်ရွက်ရာ ၁၂၈၃ ခုနှစ် (၁၉၂၁)အထိဖြစ်သည်။

…ထိုခေတ်အတွင်း ဆရာကြီးသည် သတင်းစာတိုက်၌ အယ်ဒီတာအလုပ်ကို လုပ်ဆောင်ရင်း ပြဇာတ်ငယ် များကို ရေးခဲ့သည်။ ဗိုလ်ဋီကာဆောင်းပါး၊ မစ္စတာမောင်မှိုင်းမှာတော်ပုံဝတ္ထုနှင့် ဒေါင်းဋီကာသစ်တို့ကို ရေးခဲ့သည်။ ထိုစာများတွင် ဆရာကြီးသည် တိုင်းသူပြည်သားတို့အား ကိုယ့်မင်းကိုယ့်ချင်းဘ၀ကို သတိပြုမိကြစေလိုသော နိုင်ငံချစ်စေတနာဖြင့် ရှေးခေတ်ကိုယ့်မင်းကိုယ့်ချင်း မြန်မာ့ဇာတိမာန်အကြောင်းကိုလည်းကောင်း၊ မျက်မှောက်ခေတ် မြန်မာ့ဂုဏ်ရည်အမူအရာတို့ကိုလည်းကောင်း ကဗျာဖွဲ့ဆိုခဲ့သည်။

…အင်္ဂလိပ်အစိုးရသည် ဆရာကြီးအား ချီးမြှင့်လိုသဖြင့် အဂ္ဂမဟာပဏ္ဍိတဘွဲ့ကိုလည်းကောင်း၊ ရန်ကုန်တက္ကသိုလ်၌ မြန်မာစာဆရာ ရာထူးကိုလည်းကောင်း ကမ်းလှမ်းဖူးလေသည်။ ထို့ပြင် ဆုငွေ ၁၀၀၀ ကို မျှော်လင့်ချက်ပေး၍ ဝေလမင်းသား ဧချင်းကို ဖွဲ့ဆိုရန် သွေးဆောင်ကမ်းလှမ်းဖူးလေသည်။ ဆရာကြီးသည် ဆင်းဆင်းရဲရဲ နေရစေကာမူ နယ်ချဲ့၏ အစေအပါးမလုပ်လို။ လွတ်လပ်စွာ နေလိုသဖြင့် ထိုကမ်းလှမ်းချက် အားလုံးကို ငြင်းပယ်ခဲ့သည်။ ထိုအခါကသော် မြန်မာတပြည်လုံးသည် ညီညွတ်၍ ဂျီ-စီ-ဘီ-အေ အသင်းချုပ် တည်ထောင်ကာ မြန်မာနိုင်ငံကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ကို နယ်ချဲ့ထံမှ တောင်းဆိုကြိုးပမ်းနေကြသည်ဖြစ်ရာ ဆရာကြီးသည် နိုင်ငံအတွက် အလွန်အားတက်ခဲ့သည်။



***သခင်ကိုယ်တော်မှိုင်းဘ၀သို့…

…တက္ကသိုလ်သပိတ်အရေးတော်ပုံဖြစ်ပွားပြီးနောက် ၁၂၈၃ ခုနှစ်(၁၉၂၁)တွင် အမျိုးသား (နေရှင်နယ်) ကောလိပ်ကို တိုင်းပြည်က တည်ထောင်သောအခါ ဆရာကြီးသည် အမျိုးသားကောလိပ်တွင် မြန်မာစာပေတွင် မြန်မာရာဇ၀င်ပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် နယ်ချဲ့အင်္ဂလိပ်အစိုးရသည် ကိုယ်ပိုင် အုပ်ချုပ်ရေးစနစ်အား အတုအယောင် တစ်ဝက်တစ်ပျက်ဖြစ်သော ဒိုင်အာခီအုပ်ချုပ်ရေးစနစ်ကိုသာ တိုင်းပြည်အား ပေးလိုက်သောအခါ ယခင် စည်းလုံးညီညွတ်ခဲ့သော ဂျီစီဘီအေအသင်းချုပ်သည် နှစ်ဂိုဏ်းကွဲ လေတော့သည်။ တစ်ဂိုဏ်းသည် ဒိုင်အာခီစနစ်ကို လက်ခံ၍ အင်္ဂလိပ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သည်။ ကျန်တစ်ဂိုဏ်းသည် ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ကို အလိုရှိ၍ အတိုက်အခံပြုလေတော့သည်။ ဆရာကြီးသည် ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ကို လိုလားသောဂိုဏ်းဘက်သို့ ၀င်သည်။ ညီညွတ်ရေးတရားကို ဟော၍မျောက်ဋီကာ၊ မျောက်ပဏ္ဍိကဗျာများကို ရေးသည်။

…နယ်ချဲ့အင်္ဂလိပ်တို့၏ စီးပွားရေးစနစ်ဆိုးကြောင့် ဆရာစံဦးဆောင်သည့် တောင်သူလယ်သမားတို့ တော်လှန် ပုန်ကန်သော အရေးတော်ပုံတွင် ဆရာကြီးသည် တောင်သူလယ်သမားတို့ကို ထောက်ခံသော သဘောဖြင့် ဂဠုန်နီပျံဒီပနီကဗျာများကို ရေးခဲ့သည်။ ဂိုဏ်းဂဏ ညီညွှတ်ရေးတရားများကို ဟော၍ မရသောအခါ မြန်မာနိုင်ငံ လုံးဝလွတ်လပ်ရေးကိုသာ လိုလားကြသော သခင်လူငယ်လူရွယ်တို့၏ တို့ဗမာအစည်းအရုံးသို့ ၁၉၃၄ ခုနှစ်တွင် ၀င်၍ သခင်ကိုယ်တော်မှိုင်းဘွဲ့ကို ခံယူသည်။ သခင်ဋီကာကဗျာများကို ရေးသည်။ တို့ဗမာအစည်းအရုံး၏ နိုင်ငံရေးလုပ်ငန်း၌လည်း ၀င်ရောက်ဆောင်ရွက်ခဲ့သည်မှာ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသည့်အထိဖြစ်သည်။ အပင်ပမ်းအဆင်းရဲကိုလည်း အသက်နှင့်မမျှ ခံယူခဲ့သည်။



***လွတ်လပ်ရေးခေတ်…

…၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံတော်လွတ်လပ်၍ ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်ကြသောအခါ ဆရာကြီးသည် ၁၀နှစ်သားအရွယ်မှစ၍ မျှော်မှန်းခဲ့သော ကိုယ့်မင်းကိုယ့်ချင်းဘ၀ကို မြင်ရပြီဖြစ်သဖြင့် ၀မ်းမြောက်ခြင်းဖြစ်ခဲ့သည်။ သို့ရာတွင် လွတ်လပ်ရေးမရခင် လူမသမာတို့၏ လက်ချက်ကြောင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးကြသောအခါ ကြေကွဲခြင်းဖြစ်ခဲ့ရသေးသည်။ ထို့နောက် လွတ်လပ်ရေးကို ရအောင်ယူပေးနိုင်ကြသော တပည့်များတွင် မညီမညွှတ်ဖြစ်ကြပြန်သောအခါ စိတ်နှလုံး ကြေကွဲခြင်းဖြစ်ရ ပြန်သည်။

...ဆရာကြီးသည် ညီညွတ်ကြစေချင်သော စေတနာဖြင့်လည်းကောင်း၊ ငြိမ်းချမ်းစေချင်သော စေတနာဖြင့်လည်းကောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရပြန်သည်။ ထိုမျှသာမကသေး ၁၉၅၀ ပြည့်နှစ်လောက်မှစ၍ တတိယကမ္ဘာစစ်ကြီးဖြစ်ပွားအံ့သကဲ့သို့သော အခြေအနေများ ဖြစ်ပေါ်လာသောအခါ ကမ္ဘာငြိမ်းချမ်းရေး ကိစ္စများကိုပါ ဆောင်ရွက်ရပြန်သည်။ ဆရာကြီးသည် ထိုကိစ္စများအတွက် တရုတ်ပြည် ပီကင်းမြို့တော်သို့ ရောက်ခဲ့သည်။ ဥရောပသို့လည်း ရောက်ခဲ့သည်။ ထိုသို့တစ်ကမ္ဘာလုံး၏ အကျိုးကိုပါ ဆောင်ရွက်ခဲ့သဖြင့် ဆရာကြီးသည် ၁၉၅၅ ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးဆုကို အချီးအမြှင့်ခံရသည်။

…ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် တိုင်းပြည်လွတ်လပ်ရေးအတွက် ဇာတိမာန် နိုင်ငံချစ်စာပေဖြင့် တိုင်းပြည်လူထု အကျိုးပြုစာပေ အစဉ်အလာကို ချမှတ်ပေးခဲ့သည်။

…အဖိအနှိပ်ခံရသော ပြည်သူတို့ဘက်မှ အမြဲတမ်းရပ်တည်၍ ပြည်သူတို့၏ အကျိုးစီးပွားအတွက် မားမားမတ်မတ် ဆောင်ရွက်ခဲ့သည်။



…ပြည်တွင်းငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့လေသည်။



…၀ိဓူရသခင်ချစ်မောင်၏ ကမ္ဘာလှည့်သခင်ကိုယ်တော်မှိုင်းစာအုပ်မှ မျှဝေပေးပါသည်။

© 2011 All rights reserved.

Make a free websiteWebnode