စာပေချစ်သူ

ဗိုလ်ချုပ်အောင်ဆန်းအိမ်သို့ ( မင်းယုဝေ )…

15/11/2011 17:14

…ရန်ကုန်မြို့၊ တာဝါလိန်း၊ အမှတ်(၂၅)ရှိ ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သောအိမ်ကို ယဉ်ကျေးမှုဌာနက “ဗိုလ်ချုပ်အောင်ဆန်း” ပြတိုက် အဖြစ် ဖွင့်လှစ်ထားသည်။

…ထို့ကြောင့် ရုံးအားရက် တစ်ရက်တွင် ကျွန်တော်သည် ဗိုလ်ချုပ်အိမ်သို့ သွားရောက်ကြည့်ရှုမိသည်။

…ဗိုလ်ချုပ်အိမ်သည် ကျယ်ဝန်းသော ခြံဥယျာဉ်ထဲရှိ တောင်ကုန်းငယ်ပေါ်တွင် တည်ရှိသည်။ ခြံဥယျာဉ်သည် သစ်ပင်ပန်းမန်များဖြင့် ဝေေ၀ဆာဆာရှိ၏။ အိမ်မှာလည်း ခန့်ညားလှပပေသည်။ ဗိုလ်ချုပ်သာ အသက်ထင်ရှားရှိလျှင် သည်ခြံ၊ သည်အိမ်ကို ကြည့်ရသည်မှာ ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ ကောင်းပေမည်။ ယခုကား လွမ်းစဖွယ်ကောင်းနေပေ တော့သည်။

…သည်အိမ်တွင် ဗိုလ်ချုပ်သည် ဇနီး၊ သားသမီးများနှင့်အတူ ၂ နှစ်ကျော် နေထိုင်ခဲ့သည်။ ၁၉၄၅ ခု မေလမှ ၁၉၄၇ ဇူလိုင်လ ကွယ်လွန်ချိန်အထိ နေခဲ့သည်။ အိမ်သည် နှစ်ထပ်အိမ်ဖြစ်သည်။ အောက်ထပ်တွင် ဧည့်ခန်းနှင့် ထမင်းစားခန်းရှိသည်။ အထက်ထပ်တွင် ကလေးအိပ်ခန်း၊ အထူးစည်းဝေးခန်း၊ စာဖတ်ခန်း၊ အိပ်ခန်း၊ ဘုရားရှစ်ခိုးခန်းတို့ရှိသည်။ သည်အခန်းတို့ကို ဗိုလ်ချုပ်နေထိုင်စဉ်ကအတိုင်းပင် အိမ်ထောင်ပရိဘောဂ ပစ္စည်းပစ္စယ အစုံအလင်ဖြင့် လက်ရာခြေရာ မပျက်ထားရှိပေသည်။

…ရှေးဦးစွာ အောက်ထပ်ရှိ ထမင်းစားခန်းကို ကျွန်တော်ဝင်ကြည့်သည်။ အခန်းအလည်တွင် အရှင်ကင်းမဲ့နေသော စားပွဲရှည်တစ်လုံးနှင့် ကုလားထိုင်များကို တွေ့ရသည်။ သည်စားပွဲတွင် တစ်ခါက ဗိုလ်ချုပ်သည် ဇနီး သားသမီး စုံစုံလင်လင်ဖြင့် စားသောက်ခဲ့ပေသည်တကား။

…သည်စားပွဲကို တွေ့ရသောအခါ ထမင်းစားပွဲနှင့် ပတ်သက်၍ ဗိုလ်ချုပ်ပြောသောစကားကို ကြားယောင်မိသည်။ ဂျပန်ခေတ်တွင် မြန်မာ့လွတ်လပ်ရေးအတွက် အရေးဆိုရန် ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါက်တာဘမော်၊ သခင်မြတို့ ဂျပန်ပြည်သို့ သွားခဲ့ကြသည်။ မြန်မာနိုင်ငံသို့ ပြန်အရောက်တွင် သူတို့ကို ကုန်သည်ကြီးများအသင်းက ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းကျွေးမွေးကြသည်။ ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းက “ကျွန်တော် ထမင်းစားပွဲ၊ ဧည့်ခံပွဲများကို တက်ရန် ၀ါသနာမပါခဲ့ပါဘူး၊ အခုမနေသာလို့ တက်ရောက်ခဲ့ပါတယ်၊ ကျွန်တော် ဒီထမင်းကို မစားသင့်ဘူး၊ ဒီထမင်းကို စားလောက်အောင် မြန်မာပြည်အတွက်ရော၊ မြန်မာလူမျိုးအတွက်ရော ကျွန်တော် ဘာမှမလုပ်နိုင်ခဲ့သေးဘူး” ဟု ပြောခဲ့သည်။

…ထို့ပြင် ကျွန်တော်သည် အစားအသောက်နှင့် ပတ်သက်၍ ရိုးသားလှသော သူ့စိတ်ဓါတ်ကို ဖော်ပြသည့် စာကလေး တစ်စောင်ကိုလည်း အမှတ်ရမိသည်။ ထိုစာမှာ ဗိုလ်ချုပ်က ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ထံ ပေးသောစာ ဖြစ်သည်။ စာထဲတွင် “ကြည်၊ပဲပြုတ်နှင့် နံပြားရရင် စားချင်တယ်” ဟု ရေးထားလေသည်။

…ထို့နောက် ဧည့်ခန်းကို ကျွန်တော်ဝင်ကြည့်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး၏ ခေါင်းဆောင်ကြီးဖြစ်သည့်အပြင် ကမ္ဘာသိ ခေါင်းဆောင်လည်းဖြစ်သည်။ သို့ရာတွင် သူ့အိမ်ဧည့်ခန်းကား ၀င့်ကြွား ထည်ဝါခြင်းမရှိ။ သူလိုငါလို လူတန်းစားတစ်ဦး၏ ဧည့်ခန်းမျိုးပင်ဖြစ်သည်။

…ဧည့်ခန်းတွင် ဗိုလ်ချုပ်၏ ဓါတ်ပုံကြီးများကို ချိတ်ဆွဲထား၏။ ယင်းတို့ အထဲတွင် ဂျင်းဖောအ၀တ်အစားဖြင့် ဗိုလ်ချုပ်ပုံ သည်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများဖြင့် တွဲရိုက်ထားသော ဗိုလ်ချုပ်ပုံသည်လည်းကောင်း အပေါ်လွင်ဆုံးဖြစ်၏။ သည်ပုံများကို မြင်ရသောအခါ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဦးစားပေး၍ ကြိုးပမ်း ဆောင်ရွက်ခဲ့သော သူ၏ ကြိုးပမ်းမှုတို့ကို ပြန်လည်သတိရမိသည်။ “မြန်မာတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်း၊ ရခိုင်တို့က တခြား၊ အကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်၊ လုပ်ကြည့်မှလည်း အကျိုးရှိ ကြောင်းသိနိုင်တယ်”  ဟူ၍ သူပြောခဲ့သည့် စကားတို့ကို ကြားယောင်မိလေသည်။

…အောက်ထပ်ကို ကြည့်ရှုပြီးသောအခါ အထက်ထပ်ကို ကျွန်တော်တက်ကြည့်သည်။ ရှေးဦးစွာ အထူး အစည်းအဝေးခန်းကို ၀င်ကြည့်သည်။ သည်အခန်းကား ရာဇ၀င်တွင်မည့် အခန်းတည်း။ ဗိုလ်ချုပ်သည် လုပ်ဖော်ကိုင်ဖက် များနှင့်အတူ သည်အခန်း အတွင်း၌ ခေါင်းချင်းဆိုင်လျက် မြန်မာ့လွတ်လပ်ရေးအတွက် ဆောင်ရွက်ရန် လျို့ဝှက်သော ကိစ္စများကို တိုင်ပင်ခဲ့သည်။ အရေးကြီးသော ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်။

…သည်အစည်းအဝေးခန်းနှင့် ကပ်လျက်ရှိသောအခန်းကား ကလေးများ အိပ်ခန်းပင်။ ထိုအခန်းအလယ်တွင် ကလေးကုတင် ၃လုံး စီတန်းထားသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်၏ သားနှစ်ယောက်နှင့် သမီးငယ်တို့ အိပ်စက်ကြသော ကုတင်များဖြစ်သည်။ သားသမီး သုံးဦးအနက် ယခုအခါ နှစ်ဦးသာ ကျန်တော့သည်။ ဒုတိယသား အောင်ဆန်းလင်းသည် ၁၉၅၃ ခုတွင် အိမ်ရှေ့ရှိ ရေကန်ငယ်တွင် ရေနစ်ကွယ်လွန်ခဲ့ရှာလေပြီ။

…ကလေးငယ်ကလေးများ၏ ကုတင်ကလေးများကိုကြည့်ကာ ကျွန်တော်သည် ဗိုလ်ချုပ်၏ ဘ၀ကို တွေးတောမိသည်။ သူသည် နိုင်ငံလွတ်လပ်ရေးအတွက်သာ လုံးပန်းနေရသဖြင့် မိသားစုအရေးကို မကြည့်နိုင်ရှာခဲ့ပေ။ မကွယ်လွန်မီ သုံးလခန့်က အပါးတော်မြဲ ဗိုလ်ထွန်းလှအား ဗိုလ်ချုပ်က “လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးက ထွက်မယ်၊ ခပ်အေးအေး စာကလေးရေးစားရင်း ငါ့အိမ်ထောင် နောင်ရေးအတွက် ဂရုစိုက်ဖို့ စီစဉ်ရအုံးမယ်” ဟု ပြောပြခဲ့လေသည်။ သို့သော် သူကား သူ့အိမ်ထောင်နောင်ရေးအတွက် မဆောင်ရွက်နိုင်မီ ကွယ်လွန်ခဲ့ရှာသည်တကား။

…ထို့နောက် ကျွန်တော်သည် ကလေးအိပ်ခန်းမှ ထွက်ခွာလျက် ဗိုလ်ချုပ်နှင့် ဇနီးဒေါ်ခင်ကြည်တို့၏ အိပ်ခန်းသို့ ၀င်ကြည့် ခဲ့သည်။

…နိုင်ငံအထွတ်အထိပ်ခေါင်းဆောင်ကြီး၏ အိပ်ခန်းဆိုသော်လည်း ပိုးဖဲ၊ ကတ္တီပါ အဖိုးတန်များဖြင့် တခမ်းတနား ခင်းကျင်းထားသည်မဟုတ်။ ရိုးရိုးနေ၊ ရိုးရိုးထိုင်၊ ရိုးရိုးစားသော သာမန်ဇနီးမောင်နှံနှစ်ဦး၏ အခန်းမျိုးသာဖြစ်သည်။ အရှင်မဲ့နေသော နှစ်ယောက်အိပ်ကုတင်တစ်လုံးနှင့် အ၀တ်ဗီရိုနှစ်လုံးသည် ငြိမ်ဆိတ်လျက်ရှိသည်။ ဗီရိုနှစ်လုံးထဲ၌ ဗိုလ်ချုပ်၏ အ၀တ်အစားအနည်းငယ်ကိုသာ တွေ့ရသည်။ စင်စစ် ထိုထက်ပို၍လည်း အ၀တ်အစား မရှိရှာပေ။ ထိုအိပ်ခန်း အထက်ထပ် အထပ်ခိုးတွင် ဘုရားစင်ထားသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်သည် ဘာသာရေးကို ပစ်ပယ်သူမဟုတ်။ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ကြောင်း ဖော်ပြသကဲ့သို့ ရှိနေသည်။

…အိပ်ခန်းနှင့် ကပ်လျက်ရှိသောအခန်းကား ဗိုလ်ချုပ်၏ စာကြည့်ခန်းတည်း။ စာအုပ်ဗီရိုများထဲတွင် စွယ်စုံကျမ်းများ၊ စစ်သမိုင်းများ၊ ဘောဂဗေဒကျမ်းများ စသည်ဖြင့် စာအုပ်မျိုးစုံကို တွေ့ရသည်။ ဗိုလ်ချုပ်ကား စာအလွန်ဖတ်သူဖြစ်သည်။ ဆောင်းပါး၊ ၀တ္ထု၊ ကျမ်းအမျိုးမျိုးအပြင် ကဗျာများကိုပါ အထူးလေ့လာ ဖတ်ရှုသူဖြစ်သည်။ ဖတ်ရှုသောကဗျာများအနက် အင်္ဂလိပ်ကဗျာဆရာ ဟင်နလေ၏ ကဗျာတစ်ပုဒ်ကို သူအလွန်စွဲမက်သည်။ ထိုကဗျာကို မကြာခဏ ရွတ်ဖတ်သည်။ ကျွန်တော်သည် သူ့စာအုပ်များကို ကြည့်ရာမှ နှစ်သက်သည့် ထိုကဗျာပါ အောက်ပါစာပိုဒ်ကလေးကို အထူးသတိရနေမိသည်။

“ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့် ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။ သို့သော် ညွှတ်ကား မညွှတ်”

…ထို့အပြင် ကျွန်တော်သည် စာဖတ်ခြင်းနှင့် ပတ်သက်၍ ဗိုလ်ချုပ်၏ အမြင်ကို ဆင်ခြင်မိပြန်သည်။ ဗိုလ်ချုပ်က သူ့ဆောင်းပါးတစ်စောင်တွင် “ယခု ကမ္ဘာပေါ်မှာရှိသည့် စာအုပ်အားလုံးသည် အရင်းစစ်လျှင် လောက၏အကြောင်းကို အမျိုးမျိုး မှတ်သားချက်များသာ ဖြစ်ပေသည်။ ထိုမှတ်သားချက်များကို ရေးသူများ၏ အာဘော်၊ ၄င်းတို့ရေးရာ ဒေသ၊ ရေးသည့်အချိန်ကာလ စသည်တို့ကိုကြည့်၍ ဝေဖန်ပြီးလျှင် လောက အလုပ်ဝတ္တရားတွင် သုံးစွဲတတ်မှသာ စာတတ်အမှန် ဖြစ်ပေသည်” ဟူ၍ ရေးသားခဲ့ဖူး လေသည်။ စာအုပ်ဗီရိုများအနီးတွင် ဗိုလ်ချုပ်၏ စာရေးစားပွဲလည်းရှိသည်။ ဗိုလ်ချုပ်သည် စာဖတ်ဝါသနာပါသည့်နည်းတူ စာရေးလည်း အလွန်ဝါသနာပါသည်။ စာရေးရာ၌ အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာဖြင့်ဖြစ်စေ ထိမိပိုင်နိုင်စွာ ရေးသားနိုင်သည်။ မြန်မာပိုင် အင်္ဂလိပ်သတင်းစာ “နယူးဘားမား” တွင် အချိန်ပိုင်း အယ်ဒီတာအဖြစ် ၀င်ရောက် လုပ်ကိုင်စဉ်က ရေးခဲ့သော ခေါင်းကြီးများမှာ ထင်ရှားသည်။ ဒဂုန်မဂ္ဂဇင်း၌ ရေးခဲ့သော ဆောင်းပါးများမှာလည်း အထူးတင်ရှားလှသည်။

…ဤသို့လျှင် ကျွန်တော်သည် ဗိုလ်ချုပ်အိမ်ရှိ အခန်းစုံကို တစ်ခန်းဝင် တစ်ခန်းထွက်ကြည့်ရင်း ဗိုလ်ချုပ်အကြောင်းကို အမျိုးမျိုး တွေးတောအောက်မေ့မိသည်။ နေစောင်းလာသောအခါ ကျွန်တော်သည် ဗိုလ်ချုပ်အိမ်မှ ဆင်းသက်ထွက်ခွာ လာခဲ့သည်။ သို့ထွက်ခွာလာစဉ်.........

ဗိုလ်ချုပ်၏ စေတနာကို မြတ်နိုးမိသည်။ ဗိုလ်ချုပ်၏ ကြိုးပမ်းမှုကို ချီးကျူးမိသည်။ ရိုးသားလှသော ဗိုလ်ချုပ်၏ အနေအထိုင် အမူအရာကို လေးစားမိသည်။ ဗိုလ်ချုပ်၏ စိတ်ဓါတ်ကို အားကျမိသည်။   ဗိုလ်ချုပ်၏ ဂုဏ်ကျေးဇူးကို အောက်မေ့ မိသည်။ ကောင်းလေစွ.....။

(အလယ်တန်းပင်ရင်း စကားပြေလက်ရွေးစင်)

၁၉၆၇ ခုနှစ်

 

© 2011 All rights reserved.

Make a free websiteWebnode