စာပေချစ်သူ

ဦးကုလားနှင့် ပံ့သကူမထေရ် (မင်းယုဝေ)

24/10/2011 08:36

သက္ကရာဇ် ၁၀၇၆ ခုတွင် နန်းတက်သော အင်းဝဘုရင် တနင်္ဂနွေမင်း လက်ထက်တွင် ဦးကုလားသည် မဟာရာဇဝင်ကြီးကို ရေးလေသည်။ ဦးကုလားသည် မဟာရာဇဝင်ကြီးအပြင် ရာဇဝင်လတ်၊ ရာဇဝင်ချုပ်တို့ကိုလည်း ရေးလေသည်။ မဟာရာဇဝင်ကြီးတစောင်တည်းနှင့်ပင် ဦးကုလားကို ထူးချွန်သူ ဟူ၍ ခေါ်ဆိုသင့်ပေသည်။
ဤသို့ဆိုသည်မှာ အကြောင်းနှစ်ချက် ရှိသည်။ ပထမအချက်မှာ ဦးကုလားသည် မြန်မာစကားပြေ အရေးအသားတွင် ထူးချွန်သောကြောင့် ဖြစ်လေသည်။ မဟာရာဇဝင်ကြီးပါ ဦးကုလား၏ စကားပြေ အရေးအသားသည် စံတင်ထိုက်သည်။ ရှင်းလင်းသည်။ ပြတ်သားသည်။ ကျစ်လစ်သည်။ သိပ်သည်းသည်။ သိလွယ်၊ မြင်လွယ်၊ ထင်လွယ်သဖြင့် လူများစု(ဝါ) လူထုနှင့် နီးစပ်သော အရေးအသားဖြစ်သည်ဟု ဆိုရပေမည်။
ဒုတိယအချက်မှာ အတိတ်ကာလမှာ မြန်မာတို့ အကြောင်း ဆန်းစစ် ဖော်ပြရာတွင် ဦးကုလားသည် အကောင်း အဆိုးကိုကောင်းစွာ သိမြင် ခွဲခြား ဖော်ထုတ်နိုင်သောကြောင့် ဖြစ်ပေသည်။ ဦးကုလားသည် မဟာရာဇဝင်ကြီးတွင် ဤသူကား အများပြည်သူကောင်းကျိုးဆောင်သူတည်း။ ဤသူကား အများပြည်သူဆိုးကျိုး ပြုသူတည်းဟူ၍ လက်ညှိုးညွှန်ပြဘိအလား မှန်ကန်စွာ ခွဲခြား ဖော်ပြထားပေသည်။
ထို့နောက် ပြည်သူ့ကောင်းကျိုး ဆောင်သူတို့ကို အလေးအနက် ချီးကျူး၍ ပြည်သူ့ဆိုးကျိုးပြုသူတို့ကို ထိထိမိမိ ကဲ့ရယ်ထားသည်မှာလည်း လွန်စွာ ပြောင်မြောက်လှပေသည်။
ဦးကုလား၏ ဥာဏ်စွမ်းနှင့် ကန့်ကူ လက်စွမ်းကို သိရှိရန် ပံ့သကူမထေရ်အကြောင်း ဖော်ပြချက်ကို ယခုတင်ပြလိုပေသည်။ပံ့သကူမထေရ်ခေါ် ပံ့သကူ ငစွယ်ရှင် မထေရ်ကား အခြားသူမဟုတ်။ အလောင်းစည်သူမင်း လက်ထက် ရှင်အရဟံ မထေရ်ပြန်လွန်တော်မူသောအခါ ပုဂံပြည်၏ သာသနာ့ ဦးဆောင်အဖြစ် ဆက်ခံရသူဖြစ်သည်။ ဆရာတော်သည် အကျင့်သိက္ခာနှင့်လွန်စွာပြည့်စုံသည်။ လူအများ လှူဒါန်းသော ကထိန်သင်္ကန်းကိုပင် လက်မခံ။ သုသာန်၌ စွန့်ပစ်ထားသော လူသေကောင်တို့အား ဖုံးလွှမ်းသော အဝတ်တို့ကိုသာ ကောက်ယူလျက် သင်္ကန်းအဖြစ် ဝတ်ရုံသူဖြစ်သည်။ ထို့ကြောင့်လည်း ပံ့သကူမထေရ်ဟူ၍ အမည် တွင်ခြင်းဖြစ်သည်။ သို့ အကျင့်သိက္ခာနှင့် ပြည့်စုံသည်နှင့်အမျှ ပြည်သူတို့ကိုလည်း လွန်စွာ ချစ်မြတ်နိုးသည်။ မတရားမှု၊ ကောက်ကျစ်စဉ်းလဲမှု၊ ဖိနှိပ်ညှဉ်းပန်းမှုတို့ကို စိုးစဉ်းမျှ မလိုလား။ထိုအမှု တို့ကို တွေ့ကြုံပါက တော်လှန်သည်သာ ဖြစ်လေသည်။
ဦးကုလားသည် မဟာရာဇဝင်ကြီးတွင် ဘုရင်နှစ်ဦးအားဆရာတော် တော်လှန်ပုံကို ပိုင်နိုင်ထိမိစွာ ဖော်ထုတ်ထားသည်။ ဆရာတော်သည် ဘုရင်နှစ်ဦးကို အဘယ်ကြောင့် တော်လှန်ပါသနည်း။ တဦးက ကောက်ကျစ်စဉ်းလဲ၍၊ တဦးက ပြည်သူတို့ကို ညှဉ်းပန်းသောကြောင်းဖြစ်သည်။ ဤမင်းဆိုးနှစ်ဦးကို ဆရာတော်သည်မည်သို့တော်လှန်ခဲ့ပါသနည်း။ သာသနာ့ဝန်ထမ်းဖြစ်သဖြင့် လက်ရုံးရည်ဖြင့်ကား မတော်လှန်။ နှုတ်ရေးဖြင့်၎င်း၊ ဆန္ဒပြ၍၎င်း တော်လှန်ခဲ့ပေသည်။
သက္ကရာဇ် ၄၇၄ ခုနှစ်တွင် ပုဂံပြည်ကိုအုပ်စိုးသော အလောင်းစည်သူမင်း၌ သားတော် ၃ ဦးရှိသည်။ အကြီးမှာ မင်းရှင်စောဖြစ်သည်။ အလတ်မှာ နရသူ ဖြစ်သည်။ တခါသော် မင်းကြီးမျက်သဖြင့် မင်းရှင်စောသည် ပြည်နှင်ဒဏ်ခံရသည်။ အကြောင်းရင်းကား တနေ့တွင်မင်းရှင်စောသည် ခမည်းတော်ထံ အခစားဝင်သောအခါ မင်းကြီးနှင့်အတူထိုင်နေသော ပဋိက္ကရားကုလားမင်းသမီးသည် သလွန်မှ မဆင်းဘဲရှိနေသည်။ မင်းရှင်စောလည်း မကျေမချမ်းဖြစ်ကာ မင်းကြီးကိုမခစားဘဲ ပြန်ခဲ့သည်။ တကြိမ်တွင်လည်း အထိန်းတော်သား အနန္တသူရိယကိုမင်းကြီးက မင်းသားတို့ ဝတ်သော ဝတ်လုံကိုပေးခဲ့သည်။ အနန္တသူရိယလည်း ထိုဝတ်လုံကိုဝတ်၍ မင်းပွဲသို့ တက်လာ၏။ ထိုအခါ မင်းရှင်စောကအရာဌာနမဟုတ်ဈ အဝတ်နှင့် မတန်ဟုဆိုကာ ချွတ်လဲစေခဲ့သည်။
သို့ဖြင့် မင်းကြီးမျက်ကာ မင်းရှင်စောကို ပုဂံမှ နှင်ထုတ်ခဲ့သည်။ မင်းရှင်စောလည်း ယခု မန္တလေးအရှေ့ဘက် ထွန်တုံးပူတက် အရပ်သို့ ထွက်ခွာသွားကာ ပြည်ရွာတည်ထောင်နေရ၏။မင်းရှင်စောမရှိသော် မင်းကြီးသည် တိုင်းရေးပြည်မှုတို့ကို စီမံရန်နရသူကို လွှဲအပ်သည်။ နရသူကား သူသွမ်းတည်း။ ရက်စက်သည်။ ကောက်ကျစ်သည်။ အလိုရမ္မက်ကြီးသည်။ ထီးနန်းကိုလိုသဖြင့် မကျန်းမမာဖြစ်နေသော ခမည်တော်အား ရွှေကူဘုရားသို့ ပို့ကားမျက်နှာကိုအဝတ်တို့ဖြင့် အုပ်ဖိသတ်လေသည်။
ခမည်တော် မရှိပြီဟု ကြားသော် မင်းရှင်စောသည် ထီးနန်းကိုယူရန် ပုဂံသို့ အလုံးအရင်းနှင့် ချီလာသည်။ နောင်တော်၏ အင်အားကို နရသူသ် မတုပြိုင်နိုင်သဖြင့် အကောက်ကြံလေတော့သည်။ ကြံပုံကား ပုဂံပြည်၏သာသနာ့ဦးဆောင်ဖြစ်သော ပံ့သကူမထေရ်ထံ ချဉ်းကပ်လျက် နောင်တော်ကို မိမိနန်းတင်ပါမည်။ နောင်တော်တဦးတည်း ကြွရောက်လညရန်ခေါ်ပါချေ။ ညီနောင်နှစ်ဦး စစ်ခင်းနေပါက ပြည်ရေးမသာ ဖြစ်တော့မည်ဟု ဆိုလေသည်။ ဆရာတော်ကလည်း နရသူသည် ဆိုတိုင်းမပြုသော်မိမိသည် ရဟန်းတရားနှင့် မညီရှိတော့မည်ဟု မိန့်တော်မူသည်။ နရသူလည်း နောင်တော်ကိုအကယ်ပင် နန်းတင်ပါမည်ဟု သစ္စာပြုဘိ၏။ ဆရာတော်လည်း သစ္စာပြုသည်ကို ယုံကြည်သဖြင့် မင်းရှင်စောကို သွားရောက်ခေါ်ဆောင်ခဲ့သည်။ မင်းရှင်စောရောက်သော် နရသူသည် သစ္စာပြုသည့်အတိုင်းနန်းကား တင်းခဲ့၏။ သို့သော် ဘိသိက်သွန်းပြီးညမှာပင် နောင်တော်ကို အဆိပ်ကျွေးသတ်ကာ နန်းကို ယူလိုက်လေသည်။
ထိုအကြောင်းကို ပံ့သကူ မထေရ်ကြားသော် အသို့ပြုလေသနည်း။ ဆရာတော်သည် နရသူမင်းထံကြွရောက်လျက် ထိုမင်းကို မင်းဆိုးမင်းညစ် ဟူ၍လည်းခေါ်ခဲ့ သည်။ ဆိုးရွားသူ၊ ညစ်ညမ်းသူဟူ၍လည်း ခေါ်ခဲ့သည်။ မင်းပျက်တကာတို့တွင် အပျက်ဆုံးသော မင်းပျက်ဖြစ်သည် ဟူ၍လည်း ဆိုခဲ့သည်။ အရှည်ကိုမမြင်၊ စည်းစိမ်စံမြန်းမှုလောက်ကိုသာ မြင်သောထိုမင်း၏ မိုက်မဲမှူကိုလည်း ဖော်ထုတ်၍ မိန့်ဆိုခဲ့သည်။ ထိုသို့ မိန့်ဆိုခြင်းတို့သည် နရသူကို ဆရာတော်က နှုတ်ရေးဖြင့် တော်လှန်ခြင်း ဖြစ်သည်ဟု ဆိုသင့်သည်။ ဆရာတော်သည် ထိုသို့ နှုတ်ရေးဖြင့် တော်လှန်ရုံမျှမက၊ နရသူမင်းပြုရာ အရပ်ကို စွန့်ခွာလျက် သီဟိုဠ်သို့ ပြောင်းရွေ့သီတင်းသုံးခြင်းဖြင့်လည်း ဆန္ဒပြ တော်လှန်ခဲ့လေသည်။ ထိုအကြောင်းတို့ကိုဦးကုလားသည် မဟာရာဇဝင်ကြီးတွင် ရဲဝံ့စွာ ဖော်ထုတ်လျက် ရေးခြယ်ပြထားသည်။ နရသူမင်းအား ဆရာတော် နှုတ်ရေးဖြင့် တော်လှန်ပုံကို ဦးကုလားက ရေးခြယ်ပြထားသည်မှာ အောက်ပါအတိုင်းပင်။

"မင်းရှင်စော အနိစ္စရောက်တော်မူလျှင် ကုလားကျ ထိုနှစ်တွင် မင်းဖြစ်တော်မူ၏။ ထိုသို့ဆေးခတ်၍ အနိစ္စရောက်ကြောင်းကို ပံ့သကူမထေရ် ကြားတော်မူသော်နန်းတော်သို့သွား၍ 'ဟယ် မင်းဆိုးမင်းညစ်၊ နင်ကားသံသရာဝယ် ခံရအံ့သော မကောင်းမှုကို အကြောက်။ ဤစည်းစိမ်ကိုရလျှင် နင်၏ကိုယ်ခန္ခာသည် မအိုမသေပြီ ဟူ၍ မှတ်သည်လော။ လောကတွင်နင့်ထက်ပျက်သော မင်းမည်သည်ကားမရှိ' ဟူ၍ မိန့်တော်မူ၏။ ကုလားကျလည်း'အရှင်မြတ်တို့ သစ္စာခံသည့်အတိုင်းနောင်တော်သန်လျက်ကို ထမ်း၍ နန်းတင်ပါ၏တကား' ဟူ၍ဆို၏။ သခင်မြတ်လည်း'လူ့ပြည်တွင်နင့်ထက်ဆိုးရွားညစ်ညမ်းသောသူ မရှိ' ဟု မိန့်တော်မူခဲ့၍ သိန်းခိုကျွန်းသို့ ကြွတော်မူလေ၏။"

ဆရာတော်၏ နှုတ်ရေးထက်မြက်ဟန်ကို ဦးကုလားက ဤသို့ရေးခြယ် ပြထားသည်မှာ လွန်စွာထိမိလှသည်။ သက်ဦးဆံပိုင်ဘုရင် ဖြစ်လင့်ကစား မင်းစည်းစိမ်တို့မည်သည်မည်မျှ တန်ဖိုးရှိပါသနည်း။ ကိုခြင်းကို တားဆီးနိုင်ပါသလော။ မတားဆီးနိုင်။ သေခြင်းကို တားဆီးနိုင်ပါသလော။ မတားဆီးနိုင်။ သို့ပါလျက် ဤစည်းစိမ်အတွက် မကောင်းမှုတို့ကို ပြုသည်မှာ မိုက်မဲလှသည်တကားဟု ဆိုသည်မှာ လွန်စွာ ထက်မြက်သော အဆိုအမိန့်ပင်ဖြစ်သည်။
ထို့ပြင် 'နင့်ထက်ပျက်သော မင်းမည်သည်ကား မရှိ' ဟူ၍ ဆိုသော စကားသည်လည်းအလွန်ထက်မြက်လှသည်။ ပျက်သည်ဆိုသည်ကား အဘယ်နည်း။ တရားပျက်သည်ဟု ယူသော်ရအံ့ထင်သည်။ သိက္ခပျက်သည်ဟု ယူသော် ရအံ့ထင်သည်။ သစ္စာပျက်သည်ဟု ယူသော် ရအံ့ထင်သည်။ အမှုပျက်သည်ဟု ယူသော် ရအံ့ထင်သည်။ အကျင့်ပျက်သည်ဟု ယူသော်ရအံ့ထင်သည်။ သည်လိုပျက်ရာတွင်လည်း နရသူသည် အပျက်တကာ့ အပျက်ဆုံးမင်းဖြစ်သည် ဟုဆိုခဲ့သည်။ ထိုမျှမကသေး၊ လူ့လောကတွင်အဆိုး ရွားဆိုး အညစ်ညမ်းဆုံး သူသွမ်းဖြစ်သည်ဟုလည်း ဆိုခဲ့ပြန်သည်။ ဆရာတော်၏တော်လှန်မှုသည် ထက်မြက်လေစွ။ တိုတော်လှန်မှုကို ဦးကုလားက ရေးခြယ် ပြထားသည်မှာလည်းပိုင်နိုင်လေစွ။
ဤသို့ ပံ့သကူမထေရ်မြတ်သည် နရသူမင်းဆိုးကို တော်လှန်၍ ကြွသွားတော်မူသောအခါ ပြည်သူတို့သည် ဘုရင့် ပေါ်ယုံကြည်မှု ကင်းမဲ့လာကြသည်။ မကျေမနပ် ဖြစ်လာကြသည်။မကြာမီပင် နရသူမင်းလည်းကုလားတို့ လုပ်ကြံ သတ်ဖြတ်ခြင်းကို ခံရကာ ရာဇဝင်တွင် ကုလားကျမင်းဟူ၍ အမည်တွင်ခဲ့လေသည်။
ပံ့သကူမထေရ်အရှင်သည် သီဟိုဠ်ကျွန်းတွင် နှစ်အတန်ကြာ သီတင်းသုံးနေထိုင်ခဲ့ရာမှ နရပတိစည်သူမင်း လက်ထက်တွင် ပုဂံပြည်သို့ ပြန်လည်ကြွလာတော်မူခဲ့လေသည်။ ဤတွင်ဆရာတော်၏ ဒုတိယ တော်လှန်ရေးသည် ပေါ်ပေါက်ခဲ့ရလေသည်။ ပေါ်ပေါက်ရခြင်းကြောင်းရင်းမှာ ပြည်သူတို့ကို ဘုရင်က ညှဉ်းပန်းသောကြောင့် ဖြစ်လေသည်။
တခါသော် နရပတိစည်သူမင်းသည် စူဠာမဏိစေတီ တည်ရန်ကြီးမားလှသော ချောက်ကြီးတခုကို ပုဂံပြည်သူတို့အား အပြင်းအပြ မြေဖို့စေ၏။ဘုရင့်ဓားကို ကြောက်၍သာ စေခိုင်းတိုင်းလုပ်ကြရသည်။ ပုဂံပြည်သူတို့မှာ လွန်စွာ ပင်ပန်း ဆင်းရဲကြသည်။ အလုပ်အကိုင်ပျက်ကြသည်။
ဤသို့ဖြစ်ရသည်ကို ပံ့သကူ အထေရ်မြင်သော် ပြည်သူတို့ကိုများစွာ ကရုဏာဖြစ်မိသည်။ သာသနာတော်အတွက် ပြုသောကုသိုလ်ကောင်းမှုဖြစ်သည်ကား မှန်သည်။ သာသနာ့ဝန်ထမ်းဖြစ်သော မိမိအနေဖြင့်ဝမ်းသာလှိုက်လှဲကြိုဆိုရမည့် အမှုလည်း ဖြစ်သည်ကားမှန်သည်။ သို့သော် ဤအလှူသည်အနှစ်သာရရှိပါ သလော။ အရှိ။ တဖက်က ပြည်သူတို့ကို ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်စေလျက် ပြုသောအလှူမျိုးသည် အဘယ်မှာ အနှစ်သာရရှိနိုင်ပါအံ့နည်း။ ဤသို့ဆရာတော်က ရဲဝံ့စွာမြင်ခဲ့သည်။ မြင်ရုံမက ဤအနှစ်သာရ ကင်းမဲ့သော အလှူကိုလည်း တော်လှန်ခဲ့သည်။ ဆရာတော်သည် နရပတိစည်သူမင်းထံ ကြွလျက် မင်းကြီး၏အလှူသည် ကောင်းမှုမဟုတ်၊ မကောင်းမှုသာ ဖြစ်သည်ဟု ဆိုခဲ့လေသည်။ ရဲဝံ့လှပါဘိ။ အံ့သြကြည်ညိုဘွယ်ကောင်းလှပါဘိ။ ထို့ပြင် ထိုအနှစ်သာရ ကင်းမဲ့သော အလှူကို နှုတ်ရေးဖြင့် တော်လှန်ရုံဖြင့် မပြီးသေး။ မင်းကြီးလှူသောဆွမ်းကိုမခံယူဘဲ သပိတ်မှောက် ဆန္ဒပြ၍လည်းတော်လှန်ခဲ့ပြန်သည်။ ဘုရင်ကလည်း တော်လှန်သူ ဆရာတော်ကို ဖိနှိပ်ခြင်းပြုခဲ့သည်။ ဆရာတော်ကို ပုဂံပြည်မှ နှင်ထုတ်ခဲ့သည်။ ဆရာတော်လည်း သီဟိုဠ်သို့ကြွသွားရန် ရည်ရွယ်ချက်ဖြင့် စွယ်ကြိုအရပ် တောကြီးဝယ် ခေတ္တပြောင်းရွှေ့ သီတင်းသုံးနေရလေသည်။ ထိုအကြောင်းကို ဦးကုလားက ရေးသားတင်ပြထားသည်မှာ အောက်ပါအတိုင်းပင်။

"ထိုအခါ စာရတ္တ သီလနှင့်ပြည့်စုံတော်မူသော ပံ့သကူ ငစွယ်ရှင်မဟာထေရ်သည် ဤသို့မိန့်တော်မူ၏။ မင်းကြီး ကောင်းမှုဖြစ်စိမ့်မည် ဟူ၍ ယခုပြုသော အမှုသည်ကားကောင်းမှုမဖြစ်၊မင်းကြီးလှူတော်မူသော ဆွမ်းကို လည်းမခံ နေတော်မူလေ၏။ နရပတိစည်သူမင်ကြီးလည်း ဘုန်းတော်ကြီး ငါ့ဆွမ်းကိုဘုန်းပေးတော်မမူသော်ငါ့ပြည်တွင်တေတောမမူသည်ဖြစ်မှ လွတ်တော်မူမည်။ ပြည်သူတို့လှူသော ဆွမ်းသည်လည်းငါ့ဆွမ်း မဟုတ်တုံလော ဟု မေးတော်မူ၏။ သခင်မြတ်ပံ့သကူထေရ်လည်း ဤသို့ဆိုတပြီးကားဟူ၍ သိန်းခိုကျွန်းသို့ ကူးတော်မူမည်အကြံတော်ရှိ၍ စွယ်ကြိုအရပ် တောကြီးဝယ် သီတင်းသုံးတော်မူလေ၏။"

ထိုအခါပြည်သူတို့ မခံမရပ်နိုင်ဖြစ်လာကြသည်။ ဘုရင့်အပြုအမူကို ကန့်ကွက်သောအားဖြင့် ဆန္ဒပြမှုများပင် ပေါ်ပေါက်လာခဲ့သည်။ ဤတွင် ဘုရင်လည်း စိုးရွံ့လာကာ အမတ်တို့အားဆရာတော်ကိုလိုက်၍ ပင့်ခေါ်စေရသည်။
ဆရာတော်ကား ကြံ့ခိုင်လှသည်။ အမတ်တို့ အကြိမ်ကြိမ် လာပင့်သော်လည်း မလိုက်ပါခဲ့။ နောက်ဆုံး တုရင်္ဂပစ္စည်း အမတ်ဥာဏ်ဆောင်၍ ပင့်မှ လိုက်ပါတော်မူခဲ့သည်။ ဥာဏ်ဆောင်ပုံကား တရင်္ဂပစ္စည်းသည် ဘုရားရုပ်တုတစ်ဆူကို လှေတွင် တင်၍ ဆံရာတော်ထံသွား၏။ ဆရာတော်လည်း ဘုရားကို ရိုသေမှုဖြင့် လှေပေါ်သို့ ကြွ၍ ဦးခိုက်၏။ ထိုအခိုက် တရင်္ဂပစ္စည်းသည် လှေကိုခွာ၍ အပြင်းလှော်လျက် ပုဂံသို့ ပါလာခဲ့ရလေသည်။ နရပတိစည်သူလည်း မိမိအပြစ်ကို ဆရာတော်ထံ ဝန်ချ တောင်းပန်ရလေသည်။ ဤတွင်မှ ဆရာတော်လည်း ပုဂံမှ မခွာပဲ နေတော်မူ၏။
ဤသို့လျှင် ဦးကုလားသည် မဟာရာဇဝင်ကြီးတွင် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားလျက် ပံ့သကူမထေရ်၏ ကြည်ညိုဖွယ်အမူအရာတို့ကို ချီးကျူး၍ မင်းဆိုးမင်းမိုက်တို့၏ ရွံရှာဖွယ် အမူအရာတို့ကို ကဲ့ရဲ့ထားပေသည်။ အသိအမြင်ထူးရှိ၍ ကန့်ကူလက်စွမ်း ထက်မြက်လှသော ပုဂ္ဂိုလ်ထူးပင်တည်း။

မင်းယုဝေ

မြန်မာစာမိတ်ဖွဲ့ စာအုပ်မှ

crazy bag မှ nyachitthu ရဲ့ တင်ပြချက်ကို ပြန်လည်တင်ပြပါသည်။

© 2011 All rights reserved.

Make a free websiteWebnode