စာပေချစ်သူ

နောက်ဆုံး အားကစားသတင်းများ

11/12/2011 00:00

အွန်နရီနှင့် တစ်နှစ်အတွင်း သွင်းဂိုးစံချိန် တူညီသွားခြင်း အတွက် ဗန်ပါစီ ဂုဏ်ယူနေ

သီအာရီ အွန်နရီ၏ စံချိန်နှင့် တူညီစွာ ရပ်တည်နိုင်ခြင်း အတွက် ဂုဏ်ယူ ၀မ်းမြောက်မိကြောင်း ရော်ဘင် ဗန်ပါစီက ဖွင့်ဟ ၀န်ခံခဲ့သည်။


ပြက္ခဒိန် နှစ်တစ်နှစ် အတွင်း ၎င်းသည် ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံး စံချိန်တွင် အွန်နရီနှင့် တူညီသွားပြီ ဖြစ်သည်။ လက်ရှိ အာဆင်နယ် အသင်းခေါင်းဆောင် ဗန်ပါစီရော၊ ယခင် အာဆင်နယ် အသင်း ခေါင်းဆောင်ဟောင်း အွန်နရီတို့ပါ တစ်နှစ်အတွင်း သွင်းဂိုး (၃၄)ဂိုးစီ ရရှိ ထားနိုင်ခဲ့သည်။ သို့သော်လည်း (၁၉၉၅)ခုနှစ်က ထာဝရ တစ်နှစ်တာ ဂိုးသွင်း အများဆုံး စံချိန်ကို ရယူခဲ့သည့် အလန်ရှီးယားရား၏ စံချိန်ကို လိုက်မီရန်မူ ဗန်ပါစီ အနေနှင့် ၀ုလ်ဗ်နှင့် တွေ့ဆုံမည့် ပွဲစဉ်တွင် ကြိုးစား ရဦးမည် ဖြစ်သည်။


အသက်(၂၈)နှစ်ရှိ နယ်သာလန် လက်ရွေးစင်က “တစ်နှစ် အတွင်းမှာ ဒီလို စံချိန်ကောင်းမျိုး ရနိုင်တာဟာ တကယ့်ကို ဂုဏ်ယူစရာပါ။ ကျွန်တော် သိပ်ပြီး ကျေနပ်မိပါတယ်။ ကျွန်တော် အမှတ်ပေး ပွဲတိုင်းကို မလွတ်တမ်း ကစား နိုင်ခဲ့သလို ပွဲတိုင်းနီးပါး မိနစ်(၉၀)အပြည့် ကစားနိုင်ခဲ့တယ်။ ပွဲတိုင်း လန်းဆန်း တက်ကြွနေပြီး အာဆင်နယ် အတွက် အကောင်းဆုံး ကစား ပေးနိုင်ခဲ့တယ်” ဟုလည်း ဆိုသည်။ ၎င်းက ဆက်လက်၍ “စံချိန်တွေက ကျေနပ်စရာပါ။ ဒါပေမဲ့ ကျွန်တော့်အတွက် အရေးကြီးတာက အာဆင်နယ်ကို ကူညီ နေနိုင်ဖို့ပါပဲ။ ကျွန်တော် အသင်းအတွက် ဂိုးတွေ၊ ဖန်တီးမှုတွေနဲ့ ကူညီ ပေးချင်ပါတယ်။ ကျွန်တော့်အတွက် ဘောလုံးဆိုတဲ့ အရာကို ဂိုးထဲ ကန်ထည့်ဖို့ ဆိုတဲ့ အသိထက် ပိုလေးလေးနက်နက် ခံယူ ထားပါတယ်” ဟု ပြောဆိုသွားသည်။

အာဆင်နယ်သည် ယခင်က Boxing Day ပွဲစဉ်အဖြစ် ဒီဇင်ဘာ (၂၆)ရက်နေ့တွင် ၀ုလ်ဗ်နှင့် ကစားရန် စီစဉ် ထားသော်လည်း လန်ဒန်တွင် ဆန္ဒပြမည့် အခြေအနေများကြောင့် တစ်ရက် နောက်ဆုတ်ကာ ကစားမည် ဖြစ်ကြောင်း သိရှိရသည်။

တစ်နှစ်တာ အာဖရိက အကောင်းဆုံး ကစားသမား ဆုကို ယာယာတိုရေး ဆွတ်ခူး

၂၀၁၁)ခုနှစ် အတွက် အာဖရိက အကောင်းဆုံး ဘောလုံးသမား ဆုကို ယာယာတိုရေးက ရရှိသွားကြောင်း သိရှိရသည်။



မန်ချက်စတာ စီးတီး အသင်း၏ ကွင်းလယ် ကစားသမားသည် ပြီးခဲ့သည့် ဘောလုံး ရာသီအတွင်း မန်စီးတီးတို့ ချန်ပီယံလိဂ် ၀င်ခွင့်နှင့် FA ဖလား ချန်ပီယံ ဘွဲ့တို့ ရရှိစေရန် အထူး အရေးပါသော နေရာမှ အကူအညီ ပေးခဲ့သည်။ အိုင်ဗရီကို့စ် လက်ရွေးစင် တိုရေးသည် (၂၀၁၀)ပြည့်နှစ်က စပိန်ထိပ်သီး ဘာစီလိုနာကို စွန့်ခွာ လာပြီးကတည်းက မန်စီးတီးတွင် အခရာ အကျဆုံး ကစားသမား အဖြစ်လည်း ရပ်တည်နေသည်။ ၎င်းသည် FA ဖလား အကြို ဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲတို့တွင် မန်စီးတီး အတွက် အနိုင်ဂိုးများ သွင်းပေးကာ (၃၅)နှစ်အတွင်း ကလပ်အသင်း အတွက် ပထမဆုံး ဆုဖလားကို ရယူ ပေးခဲ့သည်။
 

အာဖရိက အကောင်းဆုံး ဘောလုံးသမားဆု ရရှိသွားသည့် ယာယာတိုရေး


အသက်(၂၈)နှစ်ရှိ တိုရေးကို အာဖရိကတိုက် အကောင်းဆုံး ဘောလုံးသမား အဖြစ် ရွေးချယ်ကြောင့် အာဖရိက ဘောလုံး အဖွဲ့ချုပ် ၀က်ဘ်ဆိုက်တွင် အတည်ပြု ဖော်ပြခဲ့သည်။ တိုရေးသည် (၁၉၉၂)ခုနှစ်နောက်ပိုင်း အဆိုပါဆုကို ဒုတိယမြောက် ရရှိသည့် အိုင်ဗရီကို့စ် လက်ရွေးစင်လည်း ဖြစ်လာသည်။ ယခင်က အဆိုပါဆုကို အိုင်ဗရီကို့စ်သား တစ်ဦးအနေနှင့် ချယ်လ်ဆီး တိုက်စစ်မှူး ဒီဒီရာ ဒရော့ဂ်ဘာက ဆွတ်ခူးခဲ့ဖူးသည်။ ယင်းဆုကို အာဖရိကတိုက်ရှိ အမျိုးသား လက်ရွေးစင် အသင်း နည်းပြများ စုပေါင်းမဲ ပေးကာ ရွေးချယ်ခြင်း ဖြစ်သည်။ ယခုနှစ် အတွက် တိုရေးက အကောင်းဆုံးဆု ရရှိပြီး ဒုတိယ နေရာတွင် ဂါနာမှ အင်ဒရီအေယူးနှင့် တတိယနေရာတွင် မာလီမှ ဆီဒေါ်ကီတာတို့က ရပ်တည် နိုင်ခဲ့ကြောင်းလည်း သိရှိရသည်။

စတီဖင် ဟန်ဆန် ဘောလုံး အဖွဲ့ချုပ်၏ နည်းစနစ် ဒါရိုက်တာ ဖြစ်မည်ဟု သတင်းများ ထွက်ပေါ်

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် (၂၆)ကြိမ်မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲဝင် အမျိုးသား ဘောလုံး အသင်းအား ကိုင်တွယ်ခဲ့သူ ဆွီဒင်လူမျိုး နည်းပြ မစ္စတာ စတီဖင် ဟန်ဆန်အား အဖွဲ့ချုပ်၏ နည်းစနစ် ဒါရိုက်တာ အဖြစ် ခန့်အပ်ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ်လျှက် ရှိသည်။


အသက် (၅၄)နှစ် အရွယ် ဟန်ဆန်သည် ပြီးခဲ့သည့် အင်ဒိုနီးရှား ဆီးဂိမ်းစ် ပြိုင်ပွဲတွင် မြန်မာ ယူ-၂၃ အသင်းအား ကာလတို စာချုပ် တစ်ရပ်ဖြင့် ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး အသင်းအား ကြေးတံဆိပ် ဆွတ်ခူးနိုင်ရေး လမ်းပြ ပေးခဲ့သူ ဖြစ်သည်။ ၎င်းအနေဖြင့် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ရသည့်တိုင် အသင်းအား ပြိုင်ဘက် အသင်းများက အသိအမှတ် ပြုခံရစေရန် လမ်းပြ နိုင်ခဲ့ခြင်းကြောင့် ပရိသတ်များက နိုင်ငံ လက်ရွေးစင် အသင်း၏ နည်းပြချုပ် အဖြစ် တာဝန်ပေး ခန့်အပ်ရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ သို့သော် လက်ရွေးစင် အသင်းကြီး နည်းပြချုပ် ရာထူး အတွက်မူ ကိုရီးယား လူမျိုး နည်းပြ ပတ်ဆောင်ဟွာအား (၂)နှစ် သက်တမ်းရှိ စာချုပ် တစ်ရပ်ဖြင့် ခန့်အပ် တာဝန်ပေးခဲ့ပြီး ဖြစ်ရာ ယခုကဲ့သို့ နည်းစနစ် ဒါရိုက်တာ အဖြစ် ခန့်အပ်ရန် စဉ်းစားခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်ခဲ့သည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော်က ငြင်းဆိုခြင်း မပြုခဲ့ဘဲ ဆွေးနွေး ညှိနှိုင်းဆဲပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ "ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မပြောနိုင် သေးပါဘူး။ ဥက္ကဋ္ဌကလည်း ဘာမှ တိတိကျကျ ပြောမလာ သေးပါဘူး။ အားလုံး သေချာ တိုင်ပင်ပြီးမှ ဆုံးဖြတ်ချက် ထွက်ပေါ် လာမှာပါ" ဟု ၎င်းက ဆိုခဲ့သည်။

စတီဖင် ဟန်ဆန်သည် ဇေယျာရွှေမြေ အသင်းနှင့် နှစ်ရှည်စာချုပ် ချုပ်ဆိုထားသူ ဖြစ်သော်လည်း အကယ်၍သာ ဘောလုံး အဖွဲ့ချုပ်သို့ ပြောင်းရွှေ့ဖြစ်မည် ဆိုပါက ကလပ် အသင်းဘက်မှ လက်လွှတ် ပေးဖွယ် ရှိသည်ဟုလည်း သိရသည်။ ထို့ကြောင့် ဇေယျာရွှေမြေ အသင်း၏ နည်းပြချုပ် အဖြစ် လက်ထောက် နည်းပြတစ်ဦး ဖြစ်သူ ဦးဥာဏ်ဝင်းက တာဝန်ယူ ဆောင်ရွက်ရဖွယ် ရှိနေသည်။ ဟန်ဆန်သည် လက်ရှိ အချိန်တွင် ဇေယျာရွှေမြေ အသင်းနှင့် အတူ ရှိနေဆဲ ဖြစ်ပြီး မြန်မာဘာသာ စကား ပြောကြားနိုင်ရန် သင်ယူမှုများ ပြုလုပ်လျှက် ရှိကြောင်း သိရသည်။

© 2011 All rights reserved.

Make a free websiteWebnode